တောင်ငူ၌ ဖွင့်လှစ်ရောင်းချလျက်ရှိသည့် စားသောက်ဆိုင်များ၊ အရောင်းဆိုင်များတွင် ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး

တောင်ငူ ဇွန် ၂၄

ပဲခူးတိုင်းဒေသကြီး၊ ​တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တွင် ဆိုင်ထိုင်စနစ်ဖြင့် ဖွင့်လှစ်ရောင်းချလျက်ရှိသည့် စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်နှင့် လက်လီဆိုင်များအား ကျန်းမားရေးနှင့် အားကစား ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး​ ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချနိုင်ရေး အတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး ကော်မတီနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် တာဝန်ရှိသူများ ပူးပေါင်းတို့က ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ၊ မျက်နှာအကာ (Face Shield) တပ်ဆင်၍ စနစ်တကျ ရောင်းချမှု ရှိ/မရှိနှင့် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များနှင့် လက်လီဆိုင်များ ဆိုင်ထိုင်ရောင်းချရာ၌ လိုက်နာဆောင်ရွက်ရမည့် အချက်များ ကိုက်ညီမှု ရှိ/မရှိ တို့ကို မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ် ကုသရေး ကော်မတီ ဥက္ကဋ္ဌ ဦးညီညီလွင်စိုး နှင့် အဖွဲ့ဝင်များ ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်ခင်အေးဝင်း တို့က စစ်ဆေးကြည့်ရှုခဲ့ကြသည်။

ဆက်လက်၍ အဆိုပါ ပူးပေါင်းအဖွဲ့က ရောင်းချဆိုင်များ၏ လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ ဆိုင်အတွင်း ဝင်ရောက်ရာ၌ ကိုယ်အပူချိန်တိုင်းတာခြင်း ၊ ပါးစပ်နှင့် နှာခေါင်းစည်းများ မဖြစ်မနေ တပ်ဆင် အသုံးပြုကာ ဝင်ရောက်ဝယ်ယူစေခြင်း ၊ လက်ဆေးရန်နေရာများ ဆိုင်၏ အဝင်ဝတွင် ထားရှိအသုံးပြုစေခြင်း ၊ လက်သန့်ဆေးရည်များ ထားရှိ အသုံးပြုစေခြင်း ၊ ဆိုင်အတွင်း အနီးကပ် ဝိုင်းဖွဲ့စားသောက်ခြင်း မပြုစေဘဲ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာဖြင့် ပြောဆိုနေထိုင်သွားလာကြရန် ၊ ကိုဗစ်- ၁၉ ရောဂါ သံသယ လက္ခဏာတစ်ခုခု တွေ့ရှိပါက သက်ဆိုင်ရာသို့ ချက်ချင်း အကြောင်းကြားရန် အသိပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။