ကျုံပျော်တွင် လူသုံးကုန်နှင့် အလှကုန်ထုတ်လုပ်နည်း(အခမဲ့)သင်တန်း ဖွင့်လှစ်

ကျုံပျော် ဇွန် ၂၄
 
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံ‌ပျော်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဦးဆောင်ကာ လူသုံးကုန်နှင့် အလှကုန်ထုတ်လုပ်နည်း (အခမဲ့)သင်တန်းကို ယနေ့နံနက် ၉ နာရီခွဲတွင် အဆိုပါရုံး၌ စတင်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးနိုင်ထူးက အဖွင့်အမှာ စကားပြောကြားပြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးလိန်းကွီးက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် သင်တန်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။
သင်တန်းသို့ စိတ်ပါဝင်စားသူသင်တန်းသား(၃၀)ဦးတက်ရောက်ကြပြီး၊ ဘက်စုံသုံးဆပ်ပြာရည်၊ ပန်ကန်ဆေး ဆပ်ပြာရည်၊ လက်ဆေးဆပ်ပြာရည်၊ အဝတ်လျှော်နှင့်ရေချိုးဆပ်ပြာရည် စသည့်ဆပ်ပြာရည်အမျိုးမျိုး ပြုလုပ်နည်းများ၊ မှန်ကြည်ဆေး၊ ကြွေပြားကြေးချွတ်ဆေး၊ ကြမ်းခင်းသန့်ဆေးရည်၊ သဘာဝ ခေါင်းလျှော်ရည်၊ Hand Gel ပြုလုပ်နည်း စသည်တို့ကို သင်တန်းဆရာဦးဇင်‌မောင်မောင် နှင့် ဒေါ်ခိုင်ခိုင်ဝင်း တို့က စာတွေ့ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းကို ဇွန် ၂၄ ရက်မှ ၂၈ ရက်နေ့အထိ (၅)ရက်ကြာ၊ နံနက် (၉) နာရီမှ ညနေ(၄) နာရီအထိ ပို့ချပေး သွားမည်ဖြစ်ပြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ စွမ်းဆောင်ရည်မြင့်မားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်၍ အထောက်အကူပြု သင်တန်းများကို အခါအားလျှော်စွာ ဖွင့်လှစ်ပို့ချလျှက်ရှိကြောင်း သိရသည်