ကောလင်းမြို့၌ စာဖတ်ဝိုင်းကျင်းပ

 

 

ကောလင်း ဇွန် ၂၄

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ဝန်ထမ်းများအနေဖြင့် စာဖတ်သည့်အလေ့အထများရရှိစေရန်၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆွေးနွေးတတ်စေရန်၊ အလေ့အကျင့်ကောင်းများ၊ စာပေဗဟု သုတများ ရရှိစေရန်ရည်ရွယ်ပြီး စာရေးဆရာ ဇင်မင်းစိုး(ဗိုလ်ကလေး) ရေးသားသည့် မြန်မာ့အလင်းသတင်းစာတွင် ပါရှိသည့် "စည်းကမ်းဟူသည် လူ့တန်ဖိုး" ဆောင်းပါးကို ယနေ့ နံနက်ပိုင်းက စာဖတ်ဝိုင်း  ပြုလုပ်ခဲ့ကြောင်းသိရသည်။

 

 

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့တက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်အေးမြမွန်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး "စည်းကမ်းဟူသည် လူ့တန်ဖိုး" ဆောင်းပါးထဲမှ စည်းကမ်းသည် လူတစ်ဦးတစ်ယောက်အတွက် အရေးကြီးကြောင်း၊ စည်းကမ်းလိုက်နာမှုအပေါ်မူတည်ပြီး လူ့တန်ဖိုးမြှင့်မားကြောင်း၊ မည်သည့်နေရာဒေသတွင်မဆို သတ်မှတ်ထားသည့် စည်းကမ်းကိုလိုက်နာ ရန်လိုကြောင်း၊ စည်းကမ်းဘောင်ကျော်လွန်ပါက ဘေးဒုက္ခရောက်တတ်ကြောင်း၊ စည်းကမ်းလိုက်နာ ဘေးကင်းကွာပြီး လူမှုဘဝများဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

 

 

ထို့နောက် ဒုတိယဦးစီးမှူး ဦးကိုကိုမောင်က စည်းကမ်းနှင့်ပတ်သက်၍ လူတွင်လူ့စည်းကမ်း၊ ရဟန်းတွင် ရဟန်းစည်းကမ်း၊ ကျောင်းတွင်ကျောင်းစည်းကမ်းရှိကြောင်းနှင့် လိုက်နာရန် လိုကြောင်း၊ မိမိတို့ဝန်ထမ်းများ အနေဖြင့်လည်း ဝန်ထမ်းစည်မျဥ်း၊စည်းကမ်းချက်များ လိုက်နာကြရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့ပါသည်။

 

 

ယင်းနောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် ဝန်ထမ်းများက ဆွေးနွေးချက်များအပေါ်  သိရှိလိုသည် များအား အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။

 

မြင့်ထွန်းမင်း(ကောလင်း)