ကမမောင်း ဇွန် ၂၄
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၊ အမှတ်(၂) ရပ်ကွက်အတွင်းရှိ အုန်းတောဘုန်းကြီးကျောင်း၌ မြိုင်ကြီးငူအထူးဒေသမှ စစ်ဘေးလာရောက် တိမ်းရှောင်နေကြသည့် တိုင်းရင်းသားပြည်သူများအနက်မှ အသက် (၁၈)နှစ် ပြည့်ပြီးသူများအား ယနေ့နံနက် ၈ နာရီအချိန်မှ၍ ပထမအကြိမ် ကိုဗစ် - ၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည်။
အဆိုပါစစ်ဘေးရှောင်ပြည်သူများအား ပထမအကြိမ် ကိုဗစ် - ၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကမမောင်းမြို့ပြည်သူ့ဆေးရုံတာဝန်ခံ ဒေါက်တာ ဆုရဲထက်နှင့် ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ ပညာရေးဌာန ဝန်ထမ်းများနှင့် ရပ်ကွက်ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ပူးပေါင်းပါဝင်ခဲ့ကြပြီး မြို့အုပ်ချုပ်ရေးမှူး ဦးသန်းကျော်သူမှ သွားရောက် ကြည့်ရှု၍ ကာကွယ်ဆေး ထိုးနှံပေးကြသည့် ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ပူးပေါင်းကူညီပေးကြသူများအတွက် နံနက်စာနှင့် နေ့လည်စာများကို စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
လင်းသန့် ( ပြန် / ဆက်)