ကော့ကရိတ် ဇွန် ၂၄
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်အတွင်းရှိ စာအုပ်စာပေချစ်မြတ်နိုးသူများ ပိုမိုတိုးပွားလာစေရန်၊ တစ်ဦးနှင့်တစ်ဦး အတွေးအခေါ် အသိအမြင်များအား မျှဝေတတ်စေရန်၊ စာပေမှရရှိသော အသိ အမြင် ဗဟုသုတများကို အသုံးချတတ်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ကော့ကရိတ်မြို့နယ် စာရေးဆရာ အသင်းနှင့် (Womem Club)အဖွဲ့တို့ ပူးပေါင်း၍ စာရေးဆရာဖေမြင့် ရေးသားထားသည့် “အပြောင်မြောက်ဆုံး ဘဝတစ်ခု တည်ဆောက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဒေါ်လှလှနွယ်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး၊ ကော့ကရိတ် မြို့နယ်စာရေးဆရာအသင်းဥက္ကဌ ဦးတင့်မော် (ရွှေမြိုင်တင့်မော်)က စာရေးဆရာသည် လူတိုင်းအတွက် တိုးတက်စေချင်၊ ကြီးပွားစေချင်တဲ့စိတ်နဲ့ ရေးထားတာကို တွေ့ရကြောင်း၊ လူတိုင်းမှာလည်း ကိုယ့်ကိုကိုယ် တန်ဖိုးထားဖို့ လိုအပ်ကြောင်း၊ လူတစ်ယောက်မှာ အောင်မြင်မှု ပန်းတိုင်ရောက်လိုပါက ဆန္ဒ၊ ဝိရိယ၊ စိတ်ဓာတ်နှင့် ပညာဆိုသည့် အချက် (၄)ချက်လိုအပ်ကြောင်း ဆွေးနွေးခဲ့သည်။ဆက်လက်၍ ဦးစီးအရာရှိ ဒေါ်လှလှနွယ်က စာအုပ်တွင်ပါရှိသည့် ကြီးကျယ်မြင့်မားသော ဘဝခေါင်းစဥ်ဖြင့် လည်းကောင်း၊ Women Club အဖွဲ့ဝင် ဒေါ်ခိုင်သဇင်ဦးက တစ်ဘဝသာအတွက် လက်ရာတစ်ခုသာ ဖန်တီးတည်ဆောက်ခွင့် ရှိသည်ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Women Club အဖွဲ့ဝင် ဒေါ်သိမ်းကြည်က လက်တွေ့ကျသော စိတ်ကူးယဉ် သမားများခေါင်းစဉ်ဖြင့် လည်းကောင်း၊ Women Club အဖွဲ့ဝင် ဒေါ်နှင်းသဇင်က အခွင့်အရေး ဆိုသည်မှာ ခေါင်းစဉ်တို့ဖြင့် အသီးသီး ဆွေးနွေးခဲ့ကြသည်။ ထို့နောက်တက်ရောက်လာကြသော စာပေချစ်ပရိတ်သတ်များ၊ စာပေဝါသနာရှင်များမှ သိရှိလိုသည်များကို မေးမြန်း ကြပြီးနောက် အပြန်အလှန်ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ကျင်းပခဲ့ကြောင်း သိရသည်။
စောအောင်မျိုးလွင် (ပြန်/ဆက်)