ဘားအံ ဇွန် ၂၄
ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နံနက် ၁၀ နာရီအချိန်က အခြေခံပညာကျောင်းများနှင့် ပြည်သူများလက်ဝယ်အရောက် ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးအန္တရာယ်ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်း အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးကြောင့်ဖြစ်ပွားနိုင်သည့် ထိခိုက်မှုများ၊ မူးယစ်ဆေးဝါး နှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများ၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း ဖော်ကျုးထားသည့် ကဗျာများ၊ ဆောင်ပုဒ်များ ကာတွန်းများ ပါဝင်ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်ရုံးအနေဖြင့် မူးယစ်ဆေးဝါး အန္တရာယ်များ အကြောင်းကို ကျောင်းသား၊ ကျောင်းသူ လူငယ်များ၊ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် နံရံကပ် စာစောင်များ ပြသခြင်း ၊ Online မှတစ်ဆင့် Talk Show ဆွေးနွေးပွဲများပြုလုပ်ခြင်း လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ခရိုင်ပြန်/ဆက်