ခမောက်ကြီး ဇွန် ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ယနေ့နံနက်ပိုင်းတွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ခမောက်ကြီးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသူ၊ ကျောင်းသားများ၊ ဒေသခံပြည်သူများ၊ စည်ပင်သာယာဈေးနှင့်အများ ပြည်သူသွားလာရာနေရာများ၌ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်စောင်ရေ (၂၀၀)အား အများပြည်သူတို့ အသိပညာဗဟုသုတရရှိရန်အလို့ငှာ လိုက်လံဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။
အဆိုပါ သတင်းစကား လက်ကမ်းစာစောင်သည် ပြန်/ဆက်ဦးစီးဌာန(ရုံးချုပ်)မှ စီစဉ်ထုတ်ဝေခြင်း ဖြစ်ပြီး စာစောင်တွင် မူးယစ်ဆေးဝါးသုံးစွဲရခြင်း အကြောင်းအရင်း၊ မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းခြင်း၊ မူးယစ်ဆေးအန္တရာယ် ရှောင်ကြဉ်ဖွယ်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများ၊ စာရေးဆရာမုံရွာဝင်းဖေရေးသားသည့် ကမ္ဘာ့ရန်သူဘိန်းဖြူ(ကဗျာ)၊ အသိပညာပေးကာတွန်းတို့ဖြင့် ဖတ်ရှုသူများ အချိန်တိုအတွင်း လေ့လာသိရှိနိုင်စေရန် ရေးသားဖော်ပြထားကြောင်း သိရသည်။
ခမောက်ကြီး(ပြန်/ဆက်)