ကော့သောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများအား ကျန်းမာရေးပြုစုစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိ

ကော့သောင်း ဇွန် ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများအား ခရိုင်ပြည်သူ့ကျန်းမာရေးဌာနမှ ကျန်းမာရေးပြုစုစောင့်ရှောက်မှုများကြပ်မတ် ဆောင်ရွက်ပေးလျက် ရှိကြောင်း ခရိုင်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

တစ်ကျော့ပြန်ကူးစက်မှုများ ပြန်လည်ဖြစ်ပွားလာနေသည့် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုတွင် ကော့သောင်းမြို့၌ ပြည်တွင်းကူးစက်မှုအသွင်ဖြင့် ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း၊ ရောဂါ ထိန်းချုပ်မှု စည်းကမ်းချက်များကို ပြည်သူတစ်ချို့လိုက်နာမှု အားနည်းခြင်းကြောင့် ယခုကဲ့သို့ ကူးစက်မှုများ ပြန်လည်ဖြစ်ပွားလာခြင်းဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် ရောဂါထိန်းချုပ်ရေး စည်းကမ်းချက်များကို တိကျစွာလိုက်နာဆောင်ရွက်ကြစေလိုကြောင်း၊ ကော့သောင်းမြို့နယ် ကျန်းမာရေးဌာန အနေဖြင့် ဇွန်လ ၂၃ ရက်နေ့က ခရီးသွားမည့်သူများ၊ အနံ့ပျောက်သူများ၊ ပိုးတွေ့သူနှင့်ထိတွေ့သူများအား (RDT) ဖြင့်စစ်ဆေးရာ  ရောဂါပိုးကူးစက်ခံရသူ(၂)ဦး ပေါ်ထွက်ခဲ့ကြောင်း၊ ဇွန်လ ၂၂ ရက်နေ့ညပိုင်းက ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသဖြင့် ဆေးကုသမှုခံယူနေသူ အသက်ကြီးရွယ်အို အမျိုးသားတစ်ဦးမှာ ၎င်း၏မူလ ရောဂါအခံဖြစ်သည့် နှလုံးသွေးကြောပိတ်ရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီး ဇွန်လ ၂၃ ရက်နေ့အထိ ရောဂါပိုးတွေ့ရှိ၍   ဆေးကုသမှုခံယူနေသူ စုစုပေါင်းမှာ (၂၇)ဦးရှိကြောင်း၊ ပိုးတွေ့လူနာများအား ကော့သောင်းခရိုင် ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးပြုစုစောင့်ရှောက်မှုများ ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ကော့သောင်းခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာလင်းထိုက်၏ ပြောဆိုချက်အရသိရသည်။

ကျော်စိုး (ကော့သောင်း)