မအူပင်မြို့တွင် ၂၀၂၁ခုနှစ်အားကစားဖွံဖြိုးတိုးတက်ရေးအစီအစဉ်(TSDP)ဖြင့် ကျင်းပပြုလုပ်သော အားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနား ကျင်းပ

မအူပင် ဇွန် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၌ မြို့နယ် အားကစားဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (TSDP)အရ ကျင်းပပြုလုပ်သော အမျိုးသား/အမျိုးသမီးဘတ်စကက်ဘောပြိုင်ပွဲနှင့်Fitness Dance ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄း၃၀နာရီအချိန် အမှတ်(၂)ရပ်ကွက် ကမ်းနားလမ်းရှိ စားပွဲတင်တင်းနစ်အားကစားခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတိုးတိုးဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် အားကစားပြိုင်ပွဲများ ကျင်းပခြင်းဖြင့် မြို့နယ်ကိုယ်စားပြုထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွန်းလာပြီး မြန်မာ့အားကစားအဆင့်အတန်းမြင့်မားရေးကို အထောက်အကူပြု စေရန်နှင့် အားကစားသမားများအချင်းချင်း သွေးစည်းညီညွှတ်ကာ ချစ်ကြည်ရင်းနှီးမှု စိတ်ဓာတ်များ ပိုမိုထွန်းကားပြန်ပွားလာစေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားပြီး အားကစားပြိုင်ပွဲ အခမ်းအနားအား ဖွင့်လှစ်ပေးသည်။
ထို့နောက် ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမားများက အားကစားသစ္စာ အဓိဌာန် (၄)ချက်ကိုရွတ်ပြီးနောက် အားကစားနည်းပြနှင့် ဒိုင်လူကြီးများအား အားကစားဝတ်စုံများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ Fitness Dance ပြိုင်ပွဲဝင်အဖွဲ့မှ ကိုဗစ်- ၁၉ရောဂါကြိုတင်ကာကွယ်ရေး သီချင်းဖြင့်သရုပ်ပြတင်ဆက်ပြီးဆက်လက်၍ ဘတ်စကက်ဘောပြိုင်ပွဲဝင် အားကစားသမားများက ဘတ်စကက်ဘောဖြင့် သရုပ်ပြတင်ဆက်ပြီးဖွင့်ပွဲကိုရုပ်သိမ်း ခဲ့သည်။
၄င်းနောက် မအူပင်မြို့ ဘတ်စကက်ဘောကွင်းတွင်အားကစားပြိုင်ပွဲ ဆက်လက် ကျင်းပရာ အမျိုးသား ဘတ်စကက်ဘော အသင်း(၄)သင်း၊ အမျိုးသမီး ဘတ်စကက်ဘောအသင်း(၃)သင်း စုစုပေါင်း(၇)သင်း ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီအဖွဲ့ဝင်များ၊ အားကစားသမားများ တက်ရောက်ခဲ့ကြောင်းသိရသည်။
အောင်ခိုင်