ဒေသတွင်း ငါးစားသုံးမှုဖူလုံရေးနှင့် ရေချိုငါးသယံဇာတများ တိုးပွားရေးအတွက် ဧရာဝတီမြစ်အတွင်း ငါးမျိုး ပေါက်ကောင်ရေ နှစ်သိန်း စိုက်ထည့်

 

ရွှေဘို ဇွန် ၂၄

 

ရွှေဘိုခရိုင်ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ဒေသတွင်း ရေချိုငါးသယံဇာတများမပြုန်းတီးစေရေး၊ ရေချိုငါးများ ဒေသတွင်းဖူလုံစွာ စားသောက်နိုင်ရေးအတွက် မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ဆည်တမံနှင့်စပါးခင်းများအတွင်း ငါးမျိုးများ နှစ်စဥ် စိုက်ထည့်ပေး လျက်ရှိရာ ဇွန်လ ၂၄ ရက်နေ့၊နံနက် ၉ နာရီအချိန်တွင် ရွှေဘိုမြို့နယ် ကျောက်မြောင်း မြို့ ရတနာသိင်္ဃ တံတား အနီး ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုးများစိုက် ထည့်ခြင်းအခမ်း အနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာငါးမျိုးများစိုက်ထည့်ရခြင်း နှင့်စပ်လျဥ်း၍ ရွှေဘိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးမျိုးဦး ကရှင်းလင်း ပြောကြားခဲ့ပြီးနောက် တက်ရောက်လာကြသူများအား ငါးသားပေါက်များကို ပေးအပ်ခဲ့ပြီး နောက် တက်ရောက်လာကြသည့် ရွှေဘိုခရိုင်တပ်နယ်မှူးဗိုလ်မှူးကြီးအောင်အောင် ၊ ရွှေဘိုခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးရဲထွဋ်ဝင်းနှင့် ခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဦးအောင်သန်းဦး နှင့်တာဝန်ရှိသူများက ဧရာဝတီမြစ်အတွင်းသို့ ငါးသားပေါက်များကိုတပျော်တပါး စိုက်ထည့်ခဲ့ကြောင်းသိရသည်။

 

ယနေ့ ကျင်းပပြုလုပ်သည့် ငါးသားပေါက်လွတ်ပွဲတွင် နှစ်လက်မအရွယ် ငါးမြစ်ချင်းသားပေါက်ကောင်ရေ တစ်သိန်းခွဲနှင့် နှစ်လက်မအရွယ်ထိုင်းငါးခုံးမကြီးကောင်ရေ ငါးသောင်း စုစုပေါင်း ငါးသားပေါက် ကောင်ရေနှစ် သိန်းရှိကြောင်းရွှေဘို ငါးလုပ်ငန်းစခန်းတာဝန်ခံ ဦးဇော်ဝင်းအောင်ထံမှသိရပြီး အဆိုပါ အခမ်းအနားသို့ ရွှေဘိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ရွှေဘိုမြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဝင်များ၊ ကျောက်မြောင်းမြို့အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ဌာနဆိုင် ရာများနှင့် လူမှုရေးအသင်း အဖွဲ့များတက်ရောက် ခဲ့ကြကြောင်းသိရသည်။

 

စိုးသီဟ(ရွှေဘို)