ဆားလင်းကြီးမြို့နယ် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီနှင့် အမျိုးသမီးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

 

ဆားလင်းကြီး ဇွန် ၂၄

 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် ကလေးသူငယ်အခွင့်အရေး ဆိုင်ရာကော်မတီနှင့် အမျိုးသမီးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ငွေသာခမ်းမတွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရှိရသည်။

 

 

 

အစည်းအဝေးတွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီနှင့် အမျိုးသမီး ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာတင်ဦးမှ အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် ၁၉၉၁ခုနှစ်တွင် ကလေးသူငယ်ဆိုင်ရာ ကုလသမဂ္ဂ္ဂအဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်း၊ ကလေးသူငယ်ဆိုင်ရာ ကုလသမဂ္ဂ္ဂသဘောတူစာချုပ်ပါ  အဓိကအခွင့်အရေး(၄)ရပ်ဖြစ်တဲ့ အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခွင့် ၊ ပူးပေါင်းဆောင်ရွက်ခွင့်တို့ကို တာဝန်(၃)ရပ်ဖြစ်တဲ့ အကော်အထည်ဖော်ခြင်း၊ စောင့်ကြည့်ကြီးကြပ် ခြင်းနှင့် အစီရင်ခံခြင်းတို့ဖြင့် ကလေးသူငယ်များ၏ အခွင့်အရေးများကို လုပ်ကိုင်ဆောင်ရွက် ပေးလျှက်ရှိကြောင်း၊ နိုင်ငံတော်မှ ကလေးသူငယ်များ၏ အခွင့်အရေးများကို အလေးထား ဆောင်ရွက်ပေးသလို မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီအဖွဲ့ဝင်များကလည်း ကလေးသူငယ်များ၏ အခွင့်အရေးများရရှိစေရန် ဆောင်ရွက်ပေးရန်လိုကြောင်း ပြောကြားခဲ့သည်။

 

 

ဆက်လက်၍ မြန်မာနိုင်ငံရှိ အမျိုးသမီးများအားလုံး ဘက်စုံဖွံ့ဖြိုးရေးအတွက် ဦးစားပေး ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များဖြစ်သည့် အမျိုးသမီးများနှင့်အကြမ်းဖက်မှု ၊ အမျိုးသမီးများနှင့် အသက်မွေးဝမ်းကြောင်း၊ အမျိုးသမီးများနှင့်လုပ်ငန်းဆိုင်ရာယန္တရား စသည့်လုပ်ငန်းစဉ်(၃)ရပ်ကို မြို့နယ်အဆင့်ကော်မတီဝင်များမှ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ အမျိုးသမီးများအသက်မွေးဝမ်းကြောင်းအတွက် စစ်ကိုင်းတိုင်းဒေသကြီးတွင် စစ်ကိုင်း၊ မုံရွာ ၊ ရွှေဘို၊ ကလေး ၊ ယင်းမာပင်ခရိုင်များရှိ မြို့နယ်အသီးသီးတွင် ရပ်ရွာအခြေပြု သင်ကြားပေး လျက်ရှိကြောင်း အမျိုးသမီးများအားနည်းမျိုးစုံဖြင့် အကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာ အသိပညာ ပေးဆွေးနွေးပွဲများ ၊အကြမ်းဖက်ခံရသော အမျိုးသမီးများအတွက် နှစ်သိမ့်ဆွေးနွေးခြင်း ၊ တရားမျှတမှုရရှိရေးတို့အတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းချိတ်ဆက် ဆောင်ရွက် ဖို့လို ကြောင်း ပြောကြားခဲ့သည်။

 

 

ထို့နောက် မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီနှင့် အမျိုးသမီးကော်မတီ အတွင်း ရေးမှူး ဝက်မှေး - ကံတော မူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဒေါ်သီရိမွန်က လက်ရှိ ဆောင်ရွက် လျက်ရှိသော လုပ်ငန်းများအကြောင်း ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်ကြသည့် ကော်မတီဝင် များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

 

ဥမ္မာ