ဖောင်းပြင် ဇွန် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို တားဆီး ကာကွယ်ရေးအတွက် တစ်ဦးနှင့်တစ်ဦး ၆ပေအကွာဈေးရောင်းချနိုင်ရန် မြို့မစည်ပင်သာယာ ဈေး၌ ဈေးရောင်းချသူအချို့ကို အောင်မင်္ဂလာခန်းမဝန်းအတွင်း ယာယီပျံကျဈေးအဖြစ် ဖွင့်လှစ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက စီစဉ်ဆောင် ရွက်လျက်ရှိကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ဈေးရောင်းချသူများအတွက် တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ နေရာ သတ်မှတ်ပေးပြီး လက်ဆေးဘေစင်နှင့် အပူချိန်တိုင်းတာရေးနေရာများ သတ်မှတ် ထားရှိနိုင်ရန် စီစဉ် လျက်ရှိသည်။
အဆိုပါဈေးတွင် မြို့မစည်ပင်သာယာဈေးမှ မှတ်ပုံတင်ဆိုင်ခန်းများ၊ အသားငါးဈေးသည်များမှ အပ ကျန်ဈေးသည်အားလုံးကို ယခုလ ၂၅ရက်နေ့မှ စတင်ရောင်းချခွင့်ပြုမည်ဖြစ်ပြီး ဈေးသို့လာရောက်သည့် ဈေးသည်နှင့် ဈေးဝယ်သူတို့အနေဖြင့် နှာခေါင်းနှင့်ပါးစပ်စည်း (mask)များတပ်ဆင်လာပြီး ဈေးအဝင်၌ လက်ဆေးခြင်း၊ အပူချိန်တိုင်းတာခြင်းတို့ကို ဆောင်ရွက် ပြီးမှ ဝင်ခွင့်ပြုမည်ဖြစ်ကြောင်း တာဝန်ရှိသူထံမှ သိရသည်။
ဖောင်းပြင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူနှင့် ထိတွေ့ခဲ့မိသူ လူ၂၀ ဦးအား ကိုဗစ် -၁၉ရောပိုး ရှိမ ရှိ ယမန်နေ့က စစ်ဆေးခဲ့ရာ ရောဂါပိုးတွေ့ရှိသူ ၁၃ ဦးတွေ့ရှိခဲ့ကြောင်းသိရသည်။
ကိုထွန်း(ဖောင်းပြင်)