ကဝ ဇွန် ၂၄
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု ပပျောက်ရေးအတွက် ဆွေးနွေးပွဲတစ်ရပ်ကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ မြို့နယ် ရဲတပ်ဖွဲ့မှ ရဲမှူး စည်သူအောင်က ကဝမြို့နယ်တွင် စက်ရုံလုပ်သား များ ဝင်ထွက်သွားလာနိုင်ရေးအတွက် ပြေးဆွဲလျက်ရှိသည့် ကားအစီး အရေ အတွက်များနှင့် လုပ်သားဦး ရေပေါ်မူတည်ပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်နိုင်မှုအခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ကဝမြို့နယ် ပြည်သူ့ဆေးရုံမှ ဒေါက်တာမောင်မောင်ချစ်နှင့် ကဝ-သက္ကလ အုန်းနှဲကျေးရွာမှ ပရဟိတအဖွဲ့ဝင်များက ကိုဗစ်- ၁၉ Positive လူနာများ ထားရှိရန်နေရာ၊ Quarantine Centre ထားရှိရေး ဆိုင်ရာကိစ္စရပ်များကို စုပေါင်းဆွေးနွေးကြသည်။
အခမ်းအနားသို့ ကဝမြို့နယ်ရှိ ပရဟိတအသင်းအဖွဲ့များ၊ သက္ကလမြို့ရှိ လူမှုရေးအဖွဲ့အစည်းများ၊ အုန်းနှဲ ကျေးရွာ ပရဟိတအသင်းဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး ဆွေးနွေးပွဲကို ညနေ (၃)နာရီအချိန်တွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သိရသည်။