ဝန်းသို ဇွန် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့၊ ခန္တီးပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယကဆရာတော် “အဘိဓဇမဟာရဋ္ဌဂုရု” ဘွဲ့တံဆိပ်တော်ရ “ဆရာတော် ဘဒ္ဒန္တဇဝန” မဟာထေရ်မြတ်ကြီးအား ဆရာတော်ကြီး၏ သီလ သမာဓိ ပညာဂုဏ်တို့ကို ကြည်ညိုလေးစား ကြကုန်သော တပည့် ရဟန်း သံဃာများနှင့် ဒါယကာ ဒါယိကာမအပေါင်းတို့က ထပ်ဆင့်ဂုဏ်ပြုပူ ဇော်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီအချိန်က စစ်ကဲကြီးရပ်ကွက် အဆိုပါကျောင်းတိုက် ဓမ္မာရုံတော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားသို့ ကြွရောက်လာကြသော ဆရာတော် သံဃာတော်များနှင့် ဧည့်ပရိသတ်အပေါင်းတို့က နမော တဿ (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ဆရာတော်ဘုရားအား ကန်တော့ကာ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် ဝန်းသိုမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းတို့က အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ကို ဆရာတော်ဘဒ္ဒန္တဇဝန မဟာထေရ်မြတ်ကြီးထံသို့ ဆက်ကပ်လှူဒါန်းခြင်း၊ လှုဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ် လှုဒါန်းခြင်းနှင့် ရတုပိုဒ်စုံ၊ သံဆန်းကဗျာ၊ (၈၀) ပေါ်တေးထပ်တို့ဖြင့် ဆရာတော်ကြီးအား ရွတ်ဆိုပူဇော်ခဲ့ကြပြီး လှုဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှ ပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု (၃)ကြိမ်ရွတ်ဆို၍ အောင်မြင်စွာရုပ်သိမ်းခဲ့သည်။
ခန္တီးဆရာတော်ဘဒ္ဒန္တဇဝန မဟာထေရ်မြတ်ကြီးသည် အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ကို အလှူခံ ရရှိတော်မူခြင်း(အဂ္ဂမဟာပဏ္ဍိတလဒ္ဓလဉ္ဆနဂုဏ်)၊ သက်တော်ရှည်သံဃမဟာထေရ်ဖြစ်တော်မူခြင်း (ရတ္တညူ မဟာနာယကဂုဏ်)၊ ကျမ်းဂန်တတ်သိဗဟုသုတနှင့်ပြည့်စုံခြင်း(ဂန္ထန္တရဗာဟုသစ္စဂုဏ်)၊ လူအပေါင်းတို့၏ အကျိုးစီးပွားကိုဆောင်နိုင်ခြင်း(ဗဟုဇနဟိတသုခါဝဟဂုဏ်)၊ ကျမ်းဂန်များရေး သားပြုစုခြင်း (ဂန္ထရစနာဂုဏ်)တို့နှင့် ပြည့်စုံခြင်းကြောင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရမှ ၁၃၈၂ခု၊ နတ်တော်လဆုပ် (၆)ရက် ၊၂၀၂၁ခုနှစ် ဇန်နဝါရီလ (၄)ရက်၊ လွတ်လပ်ရေးနေ့၌ “အဘိဓဇမဟာရဋ္ဌဂုရု” ဘွဲ့တံဆိပ်တော်ကို ထုတ်ပြန် လှူဒါန်းခဲ့ပြီး လက်ရှိအချိန်တွင် ဆရာတော် ကြီးသည် သက်တော် (၈၈)နှစ်၊ သိက္ခာတော် (၆၈)ပါးဖြင့် ဝန်းသို မြို့နယ် ဩဝါဒစရိယတာဝန်အား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်မြိုင်