နတ်တလင်းမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေ

နတ်တလင်း ဇွန် ၂၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေသော သတင်းစကား လက်ကမ်းစာစောင်ကို ယနေ့နံနက် ၈ နာရီက နတ်တလင်းမြို့မစျေးနှင့် ဆိုက်ကားဂိတ်များ ကယ်ရီဂိတ်များတွင် လိုက်လံပေးဝေကြသည်။

လက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးသုံးစွဲရခြင်း အကြောင်းအရင်း၊ မူးယစ်ဆေးဝါး ပြဿနာကို ဖြေရှင်းခြင်း၊ မူးယစ်ဆေးအန္တရာယ် ရှောင်ကြဉ်ဖွယ်အချက်များ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီး ကာကွယ်ရေးလုပ်ငန်းများ စသည့် အကြောင်းအရာများနှင့် ''ကမ္ဘာ့ရန်သူဘိန်းဖြူ'' ကဗျာကာတွန်း မူးယစ်အန္တရာယ် ဆောင်ပုဒ်များ ပါဝင်ပြီး အဆိုပါ သတင်းစကားလက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန(ရုံးချုပ်)က အခမဲ့ ထုတ်ဝေခြင်းဖြစ်သည်။

သတင်းစကားလက်ကမ်းစာစောင် ဖြန့်​ဝေခြင်းနှင့်အတူ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန နံရံကပ်ဘုတ်များ မြေစိုက်ဘုတ်များတွင်လည်း မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေး ဗီနိုင်များကို ချိတ်ဆွဲပြသပေးလျက်ရှိကြောင်း သိရသည်။

ထားထားဦး