ကြို့ပင်ကောက် ဇွန် ၂၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ ကံကြီးကျေးရွာအုပ်စု တောရကျေး ရွာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်စီမံကိန်း အတိုးရငွေဖြင့် ဆောင်ရွက်သော လျှပ်စစ်မီးလင်းရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေအား မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးအေးလွင်နှင့်အဖွဲ့က ဇွန်လ ၂၃ ရက်နေ့ မွန်လွဲပိုင်း က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ဦးစီးအရာရှိ ဦးအေးလွင်နှင့်အဖွဲ့က ကျေးရွာမြစိမ်းရောင်စီမံကိန်း တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး စီမံကိန်းအတိုးရငွေဖြင့် ဆောင်ရွက်ထားသော လျှပ်စစ်မီးလင်းရေးလုပ်ငန်းမှတဆင့် အိမ်တွင်းမှု စီးပွားရေးလုပ်ငန်းငယ်များ ထပ်မံတိုးချဲ့လုပ်ကိုင်နိုင်ရေး စီမံကိန်းအဖွဲ့ဝင်များ ညီညီညွတ်ညွတ် ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆက်လက် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးတို့ကို ပူးပေါင်းဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း ကျေးရွာမီးလင်းရေး ကော်မတီထံမှ သိရသည်။
အဆိုပါ တောရကျေးရွာ၏ မြစိမ်းရောင်စီမံကိန်းမှာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း ရရှိလာသော စီမံကိန်းအတိုးရငွေကျပ် (၅၃)သိန်းနှင့် ကျေးရွာပြည်သူ ထည့်ဝင်ငွေကျပ် (၉၂)သိန်းတို့ဖြင့် ပူးပေါင်းကာ ကျေးရွာမီးလင်း ရေးလုပ်ငန်း ဆောင်ရွက်ခဲ့ရာ ကျေးရွာအတွင်းရှိ အိမ်ခြေ (၁၀၄)လုံးတွင် နိုင်ငံတော်ဓါတ်အား စနစ်မှ လျှပ်စစ်မီးရယူအသုံးပြုနိုင်ခဲ့ကြောင်း တောရကျေးရွာ မြစိမ်းရောင်စီမံကိန်းကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်သူ (၈၆)ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ (၂၄)ဦးနှင့် အသေးစားစီးပွားရေးလုပ်ငန်း လုပ်ကိုင်သူ (၆)ဦးတို့ဖြင့် စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ဇေယျာထွန်း