မော်လိုက် ဇွန် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်၌ COVID-19 ရောဂါပိုးတွေ့ရှိသူနှင့် ထိတွေ့ခဲ့သူ (၂၉)ဦး တို့အား ယမန်နေ့ နံနက်ပိုင်းက RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ (၁၃)ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ကြောင်းနှင့် မော်လိုက်မြို့နယ်တွင် ယနေ့အချိန်ထိ COVID-19 ရောဂါပိုး တွေ့ရှိသူ စုစုပေါင်း (၃၃)ဦးရှိခဲ့ပြီး တစ်ဦးမှာရောဂါသက်သာ၍ ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ရာ ခရိုင်ပြည်သူ့ဆေးရုံရှိ သီးသန့်ဆောင်တွင် ပိုးတွေ့လူနာ(၃၂)ဦးကို ဆေးကုသမှုဆောင်ရွက်ပေးလျက် ရှိကြောင်း ကျန်းမာရေးဦးစီးဌာနမှသိရသည်။
“မော်လိုက်မြို့နယ်တွင် COVID-19ရောဂါပိုးတွေ့ရှိသူအနေဖြင့် ဒီနေ့မှာ ပိုးတွေ့ရှိသူနဲ့ ထိတွေ့ခဲ့သူ (၂၉)ဦးကို RDT Test Kit နဲ့စစ်လိုက်တာ (၁၃)ဦးမှာရောဂါပိုးတွေ့ရှိခဲ့ကြောင်း၊ မော်လိုက် မြို့နယ် အနေဖြင့်ဆိုရင် ဒီနေ့ထိ COVID-19ရောဂါပိုးတွေ့ရှိသူ ကျား(၁၉)ဦး မ(၁၄) စုစုပေါင်း(၃၃)ဦး ထိရှိ လာပြီး အမျိုးသမီးတစ်ဦးမှာ ရောဂါသက်သာ၍ ဆေးရုံမှဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း၊ အဆို ပါ COVID-19 ရောဂါပိုးတွေ့ရှိသူများအား အခြားလူနာများ၊ ဝန်ထမ်းများနှင့်ထိတွေ့မှု မရှိအောင် သီးသန့်ဆောင် နှစ်ဆောင်ခွဲ၍ ဆေးကုသပေးလျက်ရှိပြီး ကျန်းမာရေးအခြေအနေကောင်းမွန်လျက် ရှိကြောင်း” မော်လိုက်ခရိုင်ဆရာဝန်ကြီး ထံမှသိရသည်။
“မော်လိုက်မြို့နယ်တွင် COVID-19 ရောဂါကူးစက်မှုကာကွယ်ရေးအတွက် ကျန်းမာရေး စစ်ဆေးရေး ဂိတ်များကို မြို့ဝင်၊ မြို့ထွက်နှင့် အမြန်ရေယာဉ်ဂိတ်တို့တွင် ဖွင့်လှစ်ထားရှိပြီး စစ်ဆေး ဆောင်ရွက် လျက်ရှိကြောင်း၊ Stay at Home မြို့နယ်များမှ ပြန်လာသူများအား Facility Quarantine စင်တာ တွင် ထားရှိနေရေး မြို့မဘုန်းတော်ကြီးကျောင်းအတွင်းရှိ ပရိယတ္တိစာသင် တိုက်တွင် Quarantine စင်တာဖွင့်လှစ်၍ အသွားအလာကန့်သတ်စောင့်ကြည့်နိုင်ရေး စီစဉ်ထားကြောင်း၊ COVID-19 ရောဂါပိုးတွေ့ရှိသူများ၏ နေအိမ်များကို Lock Down ချထားခြင်းများကို ဆောင်ရွက်လျက်ရှိပြီး၊ အသိပညာပေးအနေဖြင့် ပါးစပ်၊နှာခေါင်းစည်းများ ဖြန့်ဝေခြင်း၊ ပြည်သူများ အနေဖြင့် ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ လိုက်နာစေရန် အသိပေးခြင်းများကို ဆောင်ရွက်လျက်ရှိ ကြောင်း” မြို့နယ် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ပြောပြ ချက် အရသိရသည်။
မော်လိုက်မြို့နယ်တွင် COVID-19 ရောဂါကူးစက်မှုအနေဖြင့် ကျောင်းတောင်ရပ်မှ (၆)ဦး၊ ကျောင်းမြောက်ရပ်မှ(၈)ဦး၊ တံတားဦးရပ်မှ(၇)ဦး၊ အောင်ဇေယျာရပ်မှ(၃)ဦး၊ စွယ်တော်ရပ်မှ (၁)ဦး၊ အရာရှိရပ်မှ(၁)ဦး၊ ရေဦးကုန်းကျေးရွာမှ (၁)ဦး၊ မှော်ကူးကျေးရွာမှ (၂)ဦး၊ ကြုတ်သာကျေးရွာမှ (၁)ဦး၊ ယူးဝကျေးရွာမှ (၁)ဦးနှင့် နောင်ပိန်းကျေးရွာမှ (၂)ဦး စုစုပေါင်း(၃၃)ဦးဖြစ်ပြီး နောင်ပိန်း ကျေးရွာမှ တစ်ဦးမှာ ရောဂါသက်သာ၍ ဆေးရုံမှဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။
မော်လိုက်သားလေး