ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ပခုက္ကူ ဇွန် ၂၃

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးရှိ ဆေးရုံပတ်ဝန်းကျင် သန့်ရှင်းသာယာလှပမှု ရှိစေရန်၊ မိုးရာသီကာလအတွင်းရောက်ရှိလာပြီဖြစ်၍ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ပြီးသားဖြစ်စေရန်၊ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ဖြစ်ပေါ်လာပြီဖြစ်သည့်အတွက် Isolation ကို ပြင်ဆင်၍ လူနာများကိုထားရှိပြီး ကုသနိုင်ရန်ရည်ရွယ်၍ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများက ယနေ့နံနက် ၁၀ နာရီအချိန်က စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင်  ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလှိုင်၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးမျိုးဝင်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးမိုးကျော်သူတို့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ခရိုင်နှင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်း (၄၈) ဦး၊ ခေတ္တမြို့မစခန်းမှူး ရဲအုပ်နိုင်သိန်းထွန်းဦးဆောင်သော ရဲတပ်ဖွဲ့ဝင်(၁၉)ဦး၊ ရဲတပ်ရင်း(၃၅)မှ ရဲအုပ် ကျော်သူ ဦးဆောင်သော တပ်ဖွဲ့ဝင် (၉)ဦး၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်နိုင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးလွင်ကိုလတ် တို့၏ ဦးဆောင်မှုနှင့်အတူ မီးသတ်တပ်ဖွဲ့ဝင် (၂၈)ဦး၊ အကျဉ်းဦးစီးဌာန တာဝန်ခံ ဦးသင်္ကြန်ဦး ဦးဆောင်သော ဝန်ထမ်း(၉)ဦးတို့က ပခုက္ကူမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးရှိ မူးယစ်ဆေးဝါးနှင့် စိတ်ကျန်းမာရေး ကုသဆောင်နှင့် ဖျားနာကုသဆောင်အပေါ် ထပ်တို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိလူများအား ဆေးကုသမှုခံယူနိုင်ရန်  Isolation အဖြစ်ထားရှိမည့် လူနာဆောင် အခန်းများအား သန့်ရှင်းရေးပြုလုပ်ခြင်း၊ ရေဆေးခြင်း၊ ခုတင်များနေရာချထားခြင်း၊ ဆေးရုံဝန်းအတွင်းရှိ  အမှိုက်သရိုက်များ၊ မြက်ပင်၊ ပေါင်းပင်၊ ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းပေးခြင်းနှင့် အဆိုပါအမှိုက်များကို စည်ပင်အမှိုက်သိမ်းယာဉ်ဖြင့်  သယ်ယူစွန့်ပစ်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လက်ရှိ ပခုက္ကူမြို့၌ အမျိုးသမီးလေးဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိကြောင်းနှင့် အဆိုပါပိုးတွေ့လူနာများအား အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးရှိ ဖျားနာကုသဆောင်တွင် ထားရှိပြီး ဆေးကုသမှုခံယူစေလျက်ရှိကြောင်းသိရသည်။

ဆလိုင်းကိုကီး (ပြန်/ဆက်)