ကော့ကရိတ်ခရိုင် အမျိုးသမီးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကော့ကရိတ် ဇွန် ၂၃

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်အတွင်းရှိ အမျိုးသမီးများ၏ အခွင့်အရေးများအပေါ် သက်ဆိုင်ရာဌာနအသီးသီးက လက်ရှိဆောင်ရွက်နေမှုများ၊ လတ်တလော ဖြေရှင်းပေးရန် လိုအပ်သည့် အကြောင်းအရာများနှင့် ရှေ့ဆက် ဆောင်ရွက် ရမည့်ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးနိုင်ရန် ရည်ရွယ်၍  လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ခရိုင် အမျိုးသမီးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီအချိန်က ခရိုင်လူမှုဝန်ထမ်းဦးစီးဌာရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် ခရိုင်အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်အဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းဝေက အဖွင့်အမှာ စကားပြောကြားရာတွင် ကော့ကရိတ်ခရိုင်အတွင်းရှိ အမျိုးသမီးငယ်များနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ မှ ကြိုတင်ကာကွယ်တားဆီးရန်၊ အကြမ်းဖက်မှုများ ဖြစ်ပေါ်လာပါက ကာကွယ်စောင့်ရှောက်မှုပေးရန်၊ ထပ်မံမဖြစ်စေ ရန်၊ အကြမ်းဖက်ခံရသော အမျိုးသမီးများကို ပြန်လည်ကုစားရေးအစီအစဥ်များ ချမှတ်ဆောင်ရွက်ရန် အတွက် ကော်မတီဝင် ဌာနဆိုင်ရာအသီးသီးအနေဖြင့် တာဝန်ရှိသည့်အတွက် အားလုံးပူးပေါင်းဆောင်ရွက်သွားကြဖို့ လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန ဒေါ်အေးအေးသင်းက မိမိတို့ ဌာနက လုပ်ငန်းကြီး (၇)ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းများတွင် အမျိုးသမီးဖွံ့ဖြိုး တိုးတက်ရေးတစ်ခုလည်း ပါဝင်ကြောင်း၊ ကော့ကရိတ်ခရိုင်အတွင်း ဆောင်ရွက်ထားသည့် အမျိုးသမီးနှင့် ပတ်သက်သော အချက်အလက်များမှာ ဥပဒေနှင့် ညှိစွန်းတာ၊ မညှိစွန်းတာ နှစ်ပိုင်းရှိကြောင်း၊ မညှိစွန်းသည့် အပိုင်းကို မိတ်ဖက်အဖွဲ့အစည်းများနှင့် ချိတ်ဆက် ဆောင်ရွက်လျက်ရှိပြီး ဥပေဒနှင့် ညှိစွန်းသည့် ကိစ္စရပ်များဖြစ်သော သက်ငယ်မုဒိမ်းမှုများကို ဆေးကုသစရိတ်များ၊ တရားရင်ဆိုင်စရိတ်များ၊ ဥပဒေအထောက်အကူပြုအဖွဲ့များနှင့် ချိတ်ဆက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့ ဌာနအနေဖြင့် မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အမျိုးသမီးများအား စက်ချုပ်သင်တန်းကို ဖွင့်လှစ်ပို့ချခြင်းနှင့် ပြည်နယ်လူမှုဝန်ထမ်းရုံးမှလည်း သက်ငယ်မုဒိမ်းနှင့် ကျားမအခြေပြုအကြမ်းဖက်မှု အသိပညာပေးခြင်းအစီအစဉ်ဖြင့် အမျိုးသမီး ကော်မတီဝင်များအား အသိပညာပေးပွဲများ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း၊ မိမိတို့ဌာနအနေဖြင့် အမျိုး သမီးအရေးကိစ္စများ ပေါ်ပေါက်လာပါက ကော်မတီ ဥက္ကဋ္ဌ ၏ လမ်းညွှန်ချက်နှင့်အတူ ကော်မတီအဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက အမျိုးသမီးဆိုင်ရာ အကြောင်းအရာနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းပြောကြားခဲ့သည်။

စောအောင်မျိုးလွင် (ပြန် / ဆက်)