ဘားအံ ဇွန် ၂၃
ကရင်ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီများ၏ (၁/၂၀၂၁)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ ဖားစည်မြေခန်းမ၌ ကျင်းပခဲ့သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီများ၏ ဥက္ကဋ္ဌ၊ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးက ယခုကဲ့သို့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို လစဉ်ပုံမှန် ဆောင်ရွက်သွားမည်ဖြစ်ပြီး မြေယာကိစ္စရပ်များနှင့်ပတ်သက်၍ မူဝါဒများ၊ လမ်းညွှန်ချက်များကိုလည်း ချမှတ်ဆောင်ရွက်ပေးထားပါကြောင်း၊ လယ်ယာမြေ (တစ်နည်းအားဖြင့်) စိုက်ပျိုးမြေများကို လျော့နည်းသွားခြင်းမရှိစေရန် အထူးအလေးထားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လယ်ယာမြေ အခြားနည်းအသုံးပြုခွင့်ကို အလွယ်တကူခွင့်ပြုပေးတော့မည်မဟုတ်ဘဲ အမှန်တကယ် အရေးတကြီးလိုအပ်သည့် ကိစ္စရပ်များကိုသာ စဉ်းစားဆုံးဖြတ်ပြီး ဗဟိုကော်မတီသို့ ဆက်လက် တင်ပြသွားရမည်ဖြစ်ကြောင်း၊ မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲ ခွင့်နှင့်ပတ်သက်ပြီး ပြည်နယ်အဆင့်အနေဖြင့် စိုက်ပျိုးမြေဆိုပါက ဧက(၃၀၀)နှင့်အောက်၊ မွေးမြူရေးနှင့်ပတ်သက်ပြီး ဧက(၅၀)နှင့်အောက် ခွင့်ပြုပေး၍ရကြောင်း၊ ယခုလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လယ်ယာမြေ စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များ၊ မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများအား လုပ်ကိုင်ခွင့်လျောက်ထားသည့် ကိစ္စရပ်များ၊ လယ်ယာမြေမှုခင်း ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးဆုံးဖြတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထို့အတွက်ကြောင့် ပြည်နယ်ကော်မတီဝင်များ အနေဖြင့် ဝိုင်းဝန်းပူးပေါင်း အကြံပြုဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ ပြည်နယ်မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီများ၏ အတွင်းရေးမှူး၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးမင်းမင်းက လယ်ယာမြေစီမံခန့်ခွဲရေးကိစ္စရပ်များနှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကိစ္စရပ်များအား ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ကော်မတီဝင်များက ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြကာ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီများ၏ ဥက္ကဋ္ဌ ၊ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးစောမြင့်ဦးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
စောမျိုမင်းသိန်း(ပြန်/ဆက်)