ငပုတော ဇွန် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့၌ မြို့နယ်အဆင့် အမျိုးသမီးကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်၁၀နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပရာ မြို့နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူ တက်ရောက် အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်အမျိုးသမီးကော်မတီအတွင်းရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်လှလှဝင်းက"လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် လုပ်ငန်းကြီး (၇) ရပ်ကို အကောင်အထည်ဖော်လျက်ရှိရာ အမျိုးသမီးများ စောင့်ရှောက်ရေး လုပ်ငန်းဟာလည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်းကျောင်းကို ရန်ကုန်နှင့်မန္တလေးမြို့များတွင် ဖွင့်လှစ်ထားကြောင်း၊ အသက်၁၂နှစ်အထက် အတန်း ပညာသင်ကြားခွင့်မရရှိခဲ့သော မိဘမဲ့အမျိုးသမီးများနှင့် အသက်၁၈နှစ်အထက် ခိုကိုးရာမဲ့ လူမှုအခက်အခဲရှိပြီး အကူအညီလိုအပ်နေသည့်အမျိုးသမီးများအတွက် အသက်မွေးဝမ်း ကျောင်း အတတ်ပညာများကိုလည်း သင်ကြားပေးလျက်ရှိကြောင်း "အမျိုးသမီးကော်မတီ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဆောင်ရွက်ပေးနေမှုများအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော ကော်မတီဝင်များက တစ်ဦးချင်း အလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည့် ကိစ္စရပ်များအား ပြန်ဆွေးနွေးခဲ့ပြီး မြို့နယ် အမျိုးသမီးကော်မတီဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကားများ ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)