ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ KNU/KNLA-PC မိသားစုဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ဆေးဝါးများနှင့် ကျောင်းသုံဗလာစာအုပ်များ ထောက်ပံ့ပေးအပ်

ဘားအံ ဇွန် ၂၃

ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA- PC) မိသားစုဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ဆေးဝါးများနှင့် ကျောင်းသုံးဗလာစာအုပ် များ ထောက်ပံ့ပေးအပ်သည့်အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးက ကရင်ပြည်နယ်သည် ငြိမ်းချမ်းရေးကို အဓိကလိုအပ်နေသည့် ပြည်နယ်တစ်ခုဖြစ်ပြီး ခေတ်အဆက်ဆက်ငြိမ်းချမ်းမှုမရှိခဲ့သည့်အတွက် ကလေးငယ်အချို့မှာ စာပေသင်ကြားခွင့်များကို ဆုံးရှုံးခဲ့ကြရကြောင်း၊ ကလေးငယ်များ၏  ပညာရေးနှင့်ကျန်းမာရေးကဏ္ဍကို မြှင့်တင်ပေးသည့် အနေဖြင့် ငြိမ်းချမ်းရေးအဖွဲ့အစည်းတစ်ခုဖြစ်သော KNU/KNLA-PC မိသားစုဝင်များနှင့်ကျောင်းသား/သူများအတွက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ ငြိမ်းချမ်းရေးအတွက်လျာထားသည့်ရန်ပုံငွေဖြင့် ဆေးဝါး နှင့် ကျောင်းသုံးဗလာ စာအုပ်များကို ထောက်ပံ့ပေးရခြင်းဖြစ်ကြောင်း၊ ထို့အပြင် စိုက်ပျိုးမွေးမြူရေးနှင့်အခြားလိုအပ်သည်များကိုလည်း ဘတ်ဂျက်များ ခွဲဝေလျာထား၍ ထောက်ပံ့ပေးနေကြောင်း၊ ဒေသဖွံဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ ဝိုင်းဝန်းကူညီပူးပေါင်းဆောင်ရွက်ပေးကြပါဟု တိုက်တွန်းလိုကြောင်း၊ စိုက်ပျိုးမွေးမြူရေး၊ ကျန်းမာရေး၊ ပညာရေး ကိစ္စရပ် များတွင် စိတ်အားထက်သန်စွာဖြင့် စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးသည့်အတွက်ကြောင့် အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးစောမြင့်ဦးက ငွေကျပ်သိန်း(၂၀၀)ခန့်တန်ဖိုးရှိ ဆေးဝါးများကို လည်းကောင်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးက ကျောင်းသုံးဗလာစာအုပ် ဒါဇင် ၂၀၀ ကိုလည်းကောင်း ထောက်ပံ့ပေးအပ်ရာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA- PC) မိသားစုဝင်များ၏ ကိုယ်စား ကိုယ်စားလှယ်တစ်ဦးက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြား ခဲ့ကြောင်း သိရသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)