ပခုက္ကူမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်း ဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေ အသိပညာပေးနံရံကပ်ဘုတ်ပြသ

ပခုက္ကူ ဇွန် ၂၃

 

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အထက(၅)ကျောင်း၌  ဇွန်လ ၂၆ ရက်နေ့တွင်ရောက်ရှိမည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသော သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် အသိပညာပေးနံရံကပ်ဘုတ်ပြသခြင်း လုပ်ငန်းများကို ယနေ့နံနက် ၉ နာရီအချိန်က ဆောင်ရွက်ကြသည်။

 

 

ရှေးဦးစွာ ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဝင်းမေက မူးယစ် ဆေးဝါး အန္တရာယ်အကြောင်း အသိပညာပေး ဟောပြောပြီး ဝန်ထမ်းများက ပခုက္ကူမြို့၊အ.ထ.က(၅) ကျောင်းတွင် ကျောင်းတက်ရောက်နေ ကြသည့် ကျောင်းသား/သူများထံ အပြည်ပြည်ဆိုင်ရာမူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များဖြန့်ဝေကြသည်။

 

 

ထို့နောက် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ်၊မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်း အရင်းများ၊ မူးယစ်ဆေးဝါးကြောင့် ထိခိုက်မှုဖြစ်ပွားနိုင်သည့်စိတ်ပိုင်းဆိုင်ရာအခြေအနေများ စသည့်အသိပညာပေးစာသား၊ ရုပ်ပုံများပါဝင်သည့် နံရံကပ်ဘုတ်များပြသခဲ့ကြကြောင်းသိရသည်။

                                                                                     

 

ဆလိုင်းကိုကီး