ရိခေါ်ဒါရ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပေးကြော်ငြာဗီနိုင်းများ ကပ်ထားဆောင်ရွက်

ရိခေါ်ဒါရ်          ဇွန်   ၂၃

ချင်းပြည်နယ် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထုတ်ဝေသည့် ကုန်တင်ယာဉ်များနှင့် ခရီးသည်တင်ယာဉ်များ သိရှိလိုက်နာဆောင်ရွက်ရမည့် အသိပညာပေး ဗီနိုင်းများကို  ရိခေါ်ဒါရ်မြို့ပေါ် လူစည်ကားသည့်နေရာများ၌ လိုက်လံကပ်ထား ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပေးကြေညာဗီနိုင်းတွင် ချင်းပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက် ပျံ့နှံ့မှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့အဝင်ဂိတ်များတွင် ကုန်တင်ယာဉ်များနှင့် ခရီးသည်တင် ယာဉ်များမှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များနှင့် ခရီးသည်များအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ Test Kit ဖြင့်စစ်ဆေးခြင်းဆိုင်ရာများ၊ ခရီးသွားရာဇဝင်များ မှတ်တမ်း ကောက်ယူခြင်း၊ Stay at Home သတ်မှတ်ထားသည့်နေရာများမှ လာရောက်သူများအား အသွားအလာ ကန့်သတ်စောင့်ကြည့်ထားရှိခြင်း၊ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများအား သတ်မှတ်နေရာများ၌ Facility Quarantine Centre များ၌ စောင့်ကြည့်ထားရှိရေးနှင့် စနစ်တကျ ဆေးကုသမှုခံယူစေရေး၊ ပါးစပ်နှင့်နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်ရေးဆိုင်ရာ အချက်များပါဝင်ကြောင်း၊ အဆိုပါ အသိပေးကြေညာဗီနိုင်းများကို ရိခေါ်ဒါရ်မြို့ပေါ် ရပ်ကွက် နှစ်ခုအတွင်းရှိ မြို့အဝင်ဂိတ်၊ လူဝင်/ထွက်သွားလာမှုများပြားပြီး လူစည်ကားသည့်နေရာများ၌ ရိခေါ်ဒါရ်မြို့အုပ်ချုပ်ရေးမှူး ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများက လိုက်ခံကပ်ထား ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ရိခေါ်ဒါရ်မြို့သည် ချင်းပြည်နယ်မြောက်ပိုင်း မြန်မာ-အိန္ဒိယနှစ်နိုင်ငံ နယ်စပ်မြို့တစ်ခု ဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့၊ ချင်းပြည်နယ် ဖလမ်းမြို့နှင့် တီးတိန်မြို့တို့နှင့် ဆက်သွယ်သွားလာနိုင်ကြောင်း၊ ရိခေါ်ဒါရ်မြို့အဝင်ဂိတ်များတွင် မြို့ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်ရေးကော်မတီနှင့်အတူ ဌာနဆိုင်ရာများ၊ ရပ်ကွက်လူငယ် Volunteer အဖွဲ့များမှ ဇွန်လ ၂၁ ရက်နေ့မှစ၍ လူနှင့်ယာဉ်ဝင်ထွက်သွားလာမှုများအား ပူးပေါင်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပက်ကာ (ရိရေကန်)