မင်းလှ ဇွန် ၂၃
ပဲခူးတိုင်းဒေသကြီး ၊ မင်းလှမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ၂၀၂၁ ခုနှစ်၊ မိုးစပါးစိုက်တောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် စပါးစိုက်ဧကပေါင်း (၆၆၅၇၈) ဧက အတွက် ချေးငွေကျပ်သိန်း (၉၉၈၆၇)ကို ဇွန်လ ၂၃ ရက်နံနက် ၈ နာရီခွဲချိန်က စတင်ထုတ်ချေးပေးလျက် ရှိကြောင်း သိရသည်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်မန်နေဂျာဦးအောင်မြတ်မိုးက ချေးငွေများ ထုတ်ယူရာတွင် လိုက်နာရမည့် စည်းကမ်းများကို ရှင်းလင်းပြောကြားပြီး၊ ကျေးရွာအုပ်စုပေါင်း(၅၆)အုပ်စုမှ မိုးစပါးစိုက်ပျိုးစရိတ် အစောဆုံး အကျေပေးဆပ်နိုင်သည့် စမ်းတောင်ကွေ့၊ ရွှေဝါမြိုင်၊ ထန်းပင်ကုန်း၊ သနာဗိုကျေးရွာအတွင်းရှိ တောင်သူ (၄၅) ဦး၏ ဧကပေါင်း(၃၃၃)ဧကအတွက် တစ်ဧကလျှင် တစ်သိန်းခွဲနှုန်းဖြင့် (၄၉၉.၅၀) ကျပ်သိန်းအား ထုတ်ချေးပေးနိုင်ခဲ့သည်။
မင်းလှမြို့နယ်တွင် မိုးစပါးစိုက်ပျိုးစရိတ်ချေးယူမည့် တောင်သူ (၁၀၀၉၃) ဦး၏ စပါးစိုက်ဧကပေါင်း (၆၆၅၇၈)ဧကမှ တစ်ဧကလျှင် တစ်သိန်းခွဲနှုန်းဖြင့် ထုတ်ချေးပေးသွားမည်ဖြစ်ပြီး အတိုးနှုန်းတစ်နှစ်လျှင် ၅ ရာခိုင်နှုန်း သတ်မှတ်ထားကြောင်း၊ ယခုနှစ်တွင်ထုတ်ချေးငွေကို လယ်ယာလုပ်ပိုင် ခွင့်ပြုလက်မှတ်ပုံစံ(၇) မူရင်း အား ဘဏ်တွင်အပ်နှံနိုင်သော တောင်သူများကို စက်တင်ဘာလကုန်ထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်း ကမ်းချက်များနှင့်အညီ ထုတ်ချေးပေးသွားမည်ဟု မြန်မာ့လယ်ယာဖွံ့ဖြိုး ရေးဘဏ်ခွဲမှ သိရသည်။
ပေါက်စ( မင်းလှ)