ငပုတော၌ ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးလုပ်ငန်းများအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေး

ငပုတော    ဇွန်       ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့၌ ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေးနှင့် ထိန်းချုပ်ရေး ကော်မတီက ကိုဗစ်ကာကွယ်တားဆီးရေးလုပ်ငန်းစဉ်များအတွက် လုပ်ငန်းညှိနှိုင်း ဆွေးနွေး ပွဲကို ယမန်နေ့ညနေ၃နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူ က"ငပုတောမြို့ပေါ်၌  ပထမဆုံးအကြိမ် အဖြစ်ကိုဗစ်-၁၉ ရောဂါပိုးတွေ့သူများမှာ ၁၂ ဦး အထိရှိလာပြီဖြစ်ကြောင်း၊ Quarantine Center အတွက် နေရာ၂ခု သတ်မှတ် ထားကြောင်း၊ ကိုဗစ်-၁၉ စစ်ဆေးရန်ဂိတ်များ ထားရှိရမှာဖြစ်ကြောင်း၊ မြို့အဝင်ဂိတ် တွင် ကိုဗစ်စစ်ဆေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ပိုးတွေ့လူနာများနှင့် ထိစပ်ခဲ့သည့်သူများ၏ စာရင်းများအား ရယူထားရန် လိုကြောင်း"အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ပြီး မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များက ရောဂါ ကာကွယ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည့် အခြေအနေများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်ညွှန်ကြားချက်များ၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ထုတ်ပြန်ထားသည့် ညွှန်ကြားအားပြည်သူများသို့ နေ့စဉ်အသိပေး ကြေငြာဆောင်ရွက် သွားမည့်အခြေအနေများအား ပြန်လည်ဆွေးနွေး ပြောကြားခဲ့သည်။

လှမင်းထွဋ်(ပြန်/ဆက်)