ရွှေကျင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

 

ရွှေကျင် ဇွန် ၂၃

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဇွန်၂၃ ရက် နံနက်၁၀ နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွထိန်းချုပ်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် စစ်ဗျူဟာအဖွဲ့ အခြေချ(ရွှေကျင်)၊ စစ်ဗျူဟာမှူးဗိုလ်မှူးကြီးကျော်ဖုန်းအောင် က အဖွင့်အမှာစကား ပြောကြားပေးပြီး  မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌဦးလှမင်းသူက ယခုအခါ ကိုဗစ်-၁၉ ရောဂါပိုးဟာ အသွင်ပြောင်း ပုံသဏ္ဍာန်ဖြင့် ကူးစက်ပြန့်ပွားလျက်ရှိကြောင်း မိမိတို့မြို့နယ်အတွင်းသို့ ကူးစက်ပြန့်ပွားမှု မရှိစေ ရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက် ကြရမည်ဖြစ်ကြောင်း ရွှေကျင်မြို့နယ်အတွင်း Quarantine Centre (၂) ခု ပြန်လည်ထားရှိ၍ (Stay At Home) သတ်မှတ်ထားသည့် ဒေသများမှ ပြန်လည်ရောက်ရှိလာသူများအား ကျန်းမာရေးစစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးဂိတ်များ ပြန်လည်ဖွင့်လှစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စည်ပင်သာယာစျေးများနှင့် စားသောက်ဆိုင်များ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ရောင်းချနိုင်ရေးအတွက် ကွင်းဆင်း စစ်ဆေး ကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဌာနဆိုင်ရာများ မြို့မိမြို့ဖများ လူမှုရေးအသင်းအဖွဲ့များ မှ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအား ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာများ မြို့မိမြို့ဖများ လူမှုရေး အသင်းအဖွဲ့များက ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍  ညှိနှိုင်းဆွေးနွေး ခဲ့ကြကြောင်း သိရှိရသည်။

ထွန်းထွန်းဇော်