ပွင့်ဖြူ ဇွန် ၂၃
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့ပေါ်ရပ်ကွက်နေပြည်သူများ ယာဉ်အန္တရာယ် ကင်းစွာသွားလာနိုင်ရေးအတွက် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် ၊ ဌာနခွင့်ပြုရန်ပုံငွေဖြင့် ပွင့်ဖြူမြို့ ဗိုလ်ချုပ်လမ်းမှ အင်ကြင်လမ်းအထိ လမ်းအရှည်ပေ ၁၀၀၀ မူလရှိ ကတ္တရာလမ်းအား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း အဆိုပါ မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ အမှုဆောင်အရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်း ထံမှ သိရသည်။
ပွင့်ဖြူမြို့ ဗိုလ်ချုပ်လမ်းနှင့် အင်ကြင်းလမ်းသို့ ဆက်သွယ်ထားသော အရှည်ပေ ၁၀၀၀ ရှိ ကတ္တရာ လမ်းမှာ ယခင်က လမ်းအကျယ် ၁၂ ပေသာ ရှိပြီး မိုးရေတိုက်စားမှုဒဏ်ကြောင့် လမ်းများ ပျက်စီး နေကာ မြို့ပေါ်ရပ်ကွက်နေပြည်သူများ သွားလာရာ၌ အဆင်မပြေမှုများ ရှိနေကြောင်း သိရသည်။
ယခုနှစ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့ပေါ် ရပ်ကွက်နေပြည်သူများ ရာသီမရွေး စိတ်အေးချမ်းသာစွာ သွားလာနိုင်စေရန်နှင့် ယာဉ်အန္တရာယ်ကင်းဝေးစေရန်အတွက် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် ၊ ဌာနခွင့်ပြုရန်ပုံငွေကျပ် ၁၉ ဒသမ ၉၅ သန်းဖြင့် မူလရှိ ကတ္တရာလမ်းအရှည်ပေ ၁၀၀၀ ၊ လမ်းအကျယ် ၁၂ ပေ အား လမ်းဘေး(ဝဲ ၊ ယာ) တစ်ဖက်လျှင် ၃ ပေစီ တိုးချဲ့ကာ စုစုပေါင်း လမ်း အကျယ် ၁၈ ပေ အထိ ကတ္တရာလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကတ္တရာလမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့က တင်ဒါစနစ် ဖြင့် Shwe Group ကုမ္ပဏီအား တာဝန်ယူဆောင်ရွက်လုပ်ကိုင်စေခဲ့ပြီး ယင်း တင်ဒါရရှိသည့် ကုမ္ပဏီက ယနေ့ နံနက်ပိုင်းက စတင်ကာ ကတ္တရာလမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ သတ်မှတ်ကာလအတွင်း လုပ်ငန်းအရည် အသွေးပြည့်မီစွာ ဆောင်ရွက်ပြီးစီးနိုင်ရေးအတွက် တာဝန်ခံ အင်ဂျင်နီယာများက အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )