ကြို့ပင်ကောက်မြို့ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းတက်ချိန်များ ပြောင်းလဲသင်ကြား

ကြို့ပင်ကောက် ဇွန် ၂၃

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းတက်ချိန်များပြောင်းလဲ၍ သင်ကြားခြင်းကို ဇွန်လ ၂၁ ရက်နေ့မှစတင်ပြီး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

ယင်းသို့ကျောင်းတက်ချိန်များ ပြင်ဆင်သင်ကြားရခြင်းနှင့် ပတ်သက်၍ မြို့နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားထားခြင်း မရှိကြောင်း၊ အထက်တန်းနှင့် အလယ်တန်းများကိုသာ စာသင်ချိန်(၅)နာရီ ပြည့်မီအောင်သင်ကြားရန်သာ ညွှန်ကြားထားကြောင်း၊ သက်ဆိုင်ရာအခြေခံပညာကျောင်းများမှ မိမိတို့ဒေသနှင့်ကိုက်ညီသည့် ပုံစံဖြင့်ပြောင်းလဲသင်ကြားပေးခြင်းဖြစ်ကြောင်း၊ ကျောင်းခေါ်ချိန်ကို နံနက် (၇)နာခွဲတွင်စတင်ပြီး စာသင်ချိန် (၇)ချိန် သင်ကြားပြီးချိန် မွန်းလွဲ (၁၂)နာရီခွဲအချိန်တွင် ကျောင်းအပြီးဆင်းချိန်အဖြစ် သတ်မှတ်ထားခြင်းကြောင့် ကျောင်းသား/ကျောင်းသူများ အချင်းချင်း၊ ဆရာ/ဆရာမအချင်းချင်း ထိတွေ့မှုနည်းပါးသွားသောကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အတွက် ထိရောက်မှုရှိသည့်အတွက် စာသင်ချိန်များပြောင်းလဲသင်ကြားရခြင်းဖြစ်ကြောင်း အခြေခံပညာကျောင်းအုပ်ဆရာကြီး တစ်ဦးထံမှသိရသည်။

ကြို့ပင်ကောက်တစ်မြို့နယ်လုံးရှိ အခြေခံပညာကျောင်းပေါင်း ၁၇၁ ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၁)ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း(၂)ကျောင်းရှိကြောင်း၊ ဇွန်လ(၂၃)ရက်နေ့အထိ ကျောင်းအပ်ပြီးသော ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၁၀၄၁၁)ဦး၊ ၆၁ ဒသမ ၄၆ ရာခိုင်နှုန်း ရှိကြောင်း ကျောင်းဖွင့်ရက်များတွင်လည်း ကျောင်းအပ်လက်ခံခြင်းလုပ်ငန်းများကို ဆက်လက် လက်ခံဆောင်ရွက်ပေးသွားမည် ဖြစ်ကြာင်း၊ ကျောင်းတက်ချိန်ပြောင်းလဲသင်ကြားသည့်ကျောင်း ၆၁ ကျောင်းရှိကြောင်း မြို့နယ်ပညာရေးမှူး ဦးတင်ခိုင်ညွန့် က ပြောသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)