မြဝတီမြို့၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များအတွက် ဒေသအမှတ်(ကရင်ပြည်နယ်)လိုင်စင် ဆောင်ရွက်

မြဝတီ ဇွန် ၂၃

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးမှ လိုင်စင်မဲ့ မော်တော် ဆိုင်ကယ်များအတွက် ဒေသအမှတ်(ကရင်ပြည်နယ်)လိုင်စင်ကို ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဒေသအမှတ်(ကရင်ပြည်နယ်)လိုင်စင်ပြုလုပ်ပေးခြင်းကို ၂၀၁၄ ခုနှစ်ကတည်းက စတင်ပြုလုပ်ပေးနေခြင်း ဖြစ်ပြီး ယခင်နှုန်းထားများအတိုင်း ဒဏ်ကြေးပေးဆောင်ငွေသွင်းပြီး ပြုလုပ်နိုင်ကြောင်း သိရသည်။

“ကျွန်တော်တို့ ဒီအစီစဉ်က ၂၀၁၄ ခုနှစ်ကတည်းက လုပ်ပေးတာပါ၊ ဒါပေမယ့် ငွေသွင်းအခက်အခဲကြောင့် ကျွန်တော်တို့ မြဝတီမြို့က လိုင်စင်လုပ်ချင်တဲ့သူတွေက ဘားအံကိုည ဆင်းပြီး သွားလုပ်ကြတာများပါတယ်၊ အခုကတော့ ငွေသွင်းဖို့ကိုလည်း မြဝတီကနေပဲ သွင်းနိုင်မှာဖြစ်ပြီး လိုင်စင်ပြုလုပ်ပြီးပါက ကရင်ပြည်နယ်အတွင်း စီးနင်းနိုင်မည်ဖြစ်ပါတယ်” ဟု ခရိုင်ကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးမှ ခရိုင်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇေဝင်းက ပြောကြားသည်။

အဆိုပါ ဒေသအမှတ်ဆိုင်ကယ်လိုင်စင်များအား ရုံးဖွင့်ရက်နေ့တိုင်း ရုံးချိန်အတွင်း ဆောင်ရွက်ပေးလျက်ရှိပြီး ဆောင်ရွက်လိုပါက မှတ်ပုံတင် မူရင်း၊ မိတ္တူ၊ အိမ်ထောင်စုလူဦးရေစာရင်း၊ မူရင်း၊ မိတ္တူနှင့် ရပ်ကွက်ထောက်ခံစာ မူရင်းတို့နှင့်အတူ လာရောက်ဆောင်ရွက်နိုင်ကြောင်း မြဝတီ ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးမှ သိရသည်။

ထိန်လင်းအောင်