ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား (၄)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား ကျင်းပ

ပဲခူး ဇွန် ၂၃

ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား (၄)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန်က ပဲခူးမြို့ ဟံသာဝတီ ယူနိုက်တက်အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို တိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၁)က အဖွင့်အမှာစကားပြောကြားရာတွင် ဒေသတွင်းမှ ထူးချွန်အမျိုးသမီး ဘောလုံးအားကစားသမားများ မွေးထုတ်ပေးနိုင်ရေး၊ မြန်မာ့လက်ရွေးစင် အားကစားသမားများအဖြစ် မွေးထုတ်နိုင်ရေး၊ အားကစားသမားအချင်းချင်း သွေးစည်းညီညွတ်မှု စိတ်ဓာတ်နှင့် ထူးချွန်ထက်မြက်သည့် လူငယ်သွေးသစ် ဘောလုံးသမားများ ပေါ်ထွက်လာရေးတို့ကို အဓိကရည်ရွယ်ပြီး ကျင်းပပေးရခြင်းဖြစ်ပါကြောင်း၊ အမျိုးသမီးဘောလုံး အားကစားနည်း ပြန်လည်ဦးမော့လာစေရေး ရပ်ကွက်/ကျေးရွာပေါင်းစုံ ဘောလုံးပြိုင်ပွဲကျင်းပခြင်း၊ လူငယ်များ ဘောလုံးအခြေခံ/အဆင့်မြင့် သင်တန်းများ၊ နည်းပြ၊ ဒိုင်သင်တန်းများ ဖွင့်လှစ်ပေးခြင်း ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ပြိုင်ပွဲရည်မှန်းချက်မြင့်မားလာမှုနှင့်အတူ ပြိုင်ပွဲ အနှစ်သာရများ အကောင်အထည်ပေါ်လာအောင် တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရန် ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီး(၂၅)နှစ်အောက် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲနေ့တွင် ပြည်ခရိုင်အသင်းနှင့် သာယာဝတီ အသင်းတို့ ယှဉ်ပြိုင်ကာ ဗိုလ်လုပွဲကို ဇွန်လ ၂၈ ရက်နေ့တွင် ယှဉ်ပြိုင်ပြီး အခမ်းအနားသို့ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ကြကြောင်း သိရသည်။

မျိုးငြိမ်း