မြဝတီ ဇွန် ၂၃
ကရင်ပြည်နယ်၊ မြဝတီမြို့ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမတွင် စားသုံးသူရေးရာအကြောင်း သိကောင်းစရာ Talk show ကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအသိပညာပေး Talk show တွင် မြဝတီခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဒုတိယဦးစီးမှူးဒေါ်ဖြိုးဖြိုးစံက ကိုဗစ်-၁၉ ရောဂါကြောင့် အသိပညာပေးခြင်းလုပ်ငန်းများကို Talk Show များပြုလုပ်ကာ အသိပညာပေးနေရခြင်းဖြစ်ကြောင်းနှင့် Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြဝတီခရိုင်စားသုံးသူရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးနိုင်မိုးကိုက “ကိုဗစ်-၁၉ ရောဂါကြောင့် စားသုံးသူပြည်သူများအား အသိပညာပေးခြင်း အခြေအနေများကို လူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ခြင်းမပြုလုပ်နိုင်ကြောင်းနှင့် အဆိုပါကိုဗစ်-၁၉ရောဂါအခြေအနေ များကြောင့် မြဝတီခရိုင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့် ပတ်သက်၍ စားသုံးသူများ၏ အခက်အခဲနှင့်နစ်နာမှုများကို တိုင်ကြားနိုင်ရန် CICC ခေါ် Consumer Iformation And Complaint Centre(စားသုံးသူသတင်းပြန်ကြားရေးနှင့်ပြန်ကြားမှု လက်ခံ ဆောင်ရွက်ရေးစင်တာ)ကို ဖွင့်လှစ်ဆောင် ရွက်ထားရှိပြီးဖြစ်ကြောင်း” ဆွေးနွေးခဲ့သည်။
ထို့နောက် မြဝတီခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူးဦးမျိုးဝင်းနိုင်က “ပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာနနဲ့ပတ်သက်၍ သတင်းအချက်အလက်များကို အလွယ်တကူမေးမြန်းစုံ စမ်းနိုင်ရန်နှင့်ကုန်စည်ဝန်ဆောင်မှုများနှင့် ပတ်သက်၍ ဝယ်ယူပြီးသုံးစွဲသည့်အခါ နစ်နာဆုံးရှုံးမှုများ ကြုံတွေ့ရပါက အလွယ်တကူဆက်သွယ်တိုင်ကြားနိုင်ရန်အတွက် Consumer call centre ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့်အပြင် Telenor ၊ Oredoo နှင့် Mytel user များအတွက် Consumer call centre ၏ဖုန်းနံပါတ်သည် ၁၅၃၅ ဖြစ်ပြီး Mpt user အနေဖြင့် long code နံပါတ်ဖြစ်သည့် ၀၉၇၆၅၄၈၁၅၃၅ ကိုလည်း ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်” ဟုဆွေးနွေးခဲ့ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)