မြိတ်မြို့တွင် ပန်းခင်းစီမံချက်ဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ

မြိတ် ဇွန် ၂၃

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်းရှိ ပြည်သူလူထုများအား နိုင်ငံသားတိုင်း နိုင်ငံသားအခွင့် အရေး မဆုံးရှုံးစေရေးအတွက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦး ရေစာရင်း ဆောင်ရွက်ပေးနေမှုအား သိရှိစေရန် အသိပညာပေး Talk Show အစီအစဉ်ကို ယမန်နေ့က မြိတ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ခရိုင်/ မြို့နယ်ဦးစီးမှူးရုံးတို့ ပူးပေါင်း၍ ရိုက်ကူးခဲ့ကြသည်။

“မြိတ်ခရိုင်အတွင်းမှာရှိတဲ့ ပြည်သူလူထုအား ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ နိုင်ငံသားတစ်ဦး အနေဖြင့် သိရှိသင့်သော အချက်အလက်များ အား သိရှိစေရန် ရည်ရွယ်ပြီး Online Talk Show အစီအစဉ် တင်ဆက်ရခြင်းဖြစ်ပါတယ်” ဟု ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန  ခရိုင်ဦးစီး အရာရှိ ဒေါ်မေသန္တာအောင်က ပညာပေး အစီအစဉ် ရိုက်ကူးရသည့် ရည်ရွယ်ချက်ကို  ပြောကြားခဲ့ သည်။

ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းကို လုပ်ငန်းစဉ်(၄)မျိုး ဖြင့် ပြည်သူလူထုများအား ရပ်ကွက်/ကျေးရွာများအလိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အဆိုပါ စီမံချက်ကို မွေးရာပါ နိုင်ငံသားနှင့် ဥပဒေအရ နိုင်ငံသားများပါ မူလဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ထုံးလုပ်နည်းများကို ဖြေလျှော့ပြီး နိုင်ငံသားအခွင့်အရေးမဆုံးရှုံးအောင် စီမံချက်ဖြင့် ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

“ပန်းခင်းစီမံချက်ဟာ နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရေး နိုင်ငံသားတိုင်း နိုင်ငံသား ဂုဏ်သိက္ခာနဲ့အညီ နေထိုင်နိုင်စေရေး ရည်ရွယ်ပြီး နိုင်ငံသားအားလုံးလက်ဝယ်မှာ နိုင်ငံသားစိစစ်ရေး ကတ်တွေ အိမ်ထောင်စုစာရင်းတွေ ရရှိဖို့အတွက် ဆောင်ရွက်နေတဲ့ စီမံချက်ဖြစ်ပါတယ်” ဟု လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြိတ်ခရိုင်ဦးစီးမှူး ဦးထွန်းဇော်ဦးက ပြောသည်။

ပန်းခင်းစီမံချက်ဖြင့် မြိတ်မြို့နယ်အတွင်း မေလ(၃)ရက်မှ ဇွန်လ(၂၁)ရက်အထိ အိမ်ထောင်စုလူဦးရေ စာရင်း (၁၆၃၆၈)ဦးကို ထုတ်ပေးနိုင် ခဲ့ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၅၂၇)ကတ်ကို ထုတ်ပေးနိုင်ခဲ့ ကြောင်း၊ မြိတ်မြို့နယ်အတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မြိတ်တောင်ကျေးရွာရှိ ပြည်သူ့ဝန်ဆောင်မှု(OSS)ရုံးတွင် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ခိုင်ထူး