လေးမျက်နှာ ဇွန် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန် အောင်မင်္ဂလာ ဈေးနှင့်လမ်းဆုံလမ်းခွများတွင် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းကာ ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များနှင့် နှာခေါင်းစည်း (mask)ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့အသိပညာပေးလက်ကမ်းစာစောင်များနှင့် နှာခေါင်းစည်း(mask)များ ဖြန့်ဝေရာတွင် အောင်မင်္ဂလာဈေးနှင့် လူစည်ကားသည့် လမ်းဆုံလမ်းခွနေရာများတွင် ဆောင်ရွက်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်တွင် ၂၀၂၁ခုနှစ် ဇွန်လ၁၅ရက်နေ့ အထိ ကာကွယ်ဆေးထိုးနှံပြီးသည့်အရေအတွက်၊ ဇွန်လ၁၅ရက်နေ့အထိ ကိုဗစ်-၁၉ရောဂါပိုစစ်ဆေးတွေ့ရှိသူဦး ရေ၊ ပြန်လည် ကောင်းမွန်သူဦးရေနှင့် သေဆုံးသူဦးရေ၊ မြို့နယ်အလိုက် မျိူးရိုးဗီဇပြောင်း ရောဂါပိုးတွေ့ရှိမှု၊ ကာကွယ်ဆေးထိုးနှံထားပါက ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရမှုအား ၉၀ရာခိုင်နှုန်းကာကွယ်ပေးနိုင်ကြောင်း၊ ရောဂါကူးစက်နိုင်ခြေရှိသည့်နည်းလမ်းများ၊ ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်း ထက်သာ၍ ကောင်းမွန်ကြောင်း၊ ကိုဗစ်-၁၉ရောဂါကာကွယ်နိုင်ရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သည့် အမိန့်ကြေညာချက်နှင့် လမ်းညွှန်ချက်များကို တိကျစွာလိုက်နာရန် အထူးအရေးကြီးကြောင်း၊ ကိုဗစ်-၁၉မျိူးရိုးဗီဇကွဲများ တွေ့ရှိမှု အခြေအနေ၊ မျိူးရိုးဗီဇပြောင်း ကိုဗစ်-၁၉ရောဂါပိုးများ နိုင်ငံအတွင်းဝင်ရောက် ကူးစက်ပြန့်ပွားမှုအား ထိရောက်စွာကာကွယ်တားဆီးနိုင်ရေး ပြည်သူလူထုမှ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း တို့ ပါဝင်သည်။
အသိပညာပေးလှုပ်ရှားမှုတွင် လေးမျက်နှာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်လူမှုရေး အသင်းအဖွဲ့များက ပူးပေါင်းဆောင်ရွက် ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)