မင်းလှမြို့တွင် မြစိမ်းရောင်အတိုးရငွေဖြင့် ဆောင်ရွက်ခဲ့သည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်း ပြည့်ပြီးစီး

မင်းလှ ဇွန် ၂၃

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေး ရွာပေါင်း(၄၄)ကို ချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အထိ အတိုးရငွေများမှ ၅၀ ရာခိုင်နှုန်းဖြင့် ကျေးရွာ(၁၀) ရွာတွင် ဆောင်ရွက်ပေးသည့် ကျေးရွာဖွံ့ဖြိုးရေး‌လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

မြစိမ်းရောင်ကျေးရွာ(၄၄) ရွာမှ အတိုးရငွေ စုစုပေါင်း ကျပ်သိန်း ပေါင်း(၅၈၈) သိန်းဖြင့် ဆောင်ရွက်နေ သည့် ရှမ်းစီဂွ၊ ညောင်ဝင်း၊ ကရင်တအိမ်၊ မြောက်ချောကုန်း၊ သာယာကုန်း၊ သရော(ဂျီ)၊ အရှေ့ကြို့ကုန်း၊ အုန်းနှဲချောင်း၊ ပန်းတော၊ တူးမြောင်း အောက်စုကျေးရွာများတွင် လျှပ်စစ်မီးလင်းရေး၊ ကျေးရွာတွင်း လမ်း ကွန်ကရစ်ဘီး လမ်းခင်းခြင်း၊ ဘက်စုံသုံးခန်းမ ‌တည်ဆောက်ခြင်း၊ သုသာန်ဇရပ်တည်ဆောက်ခြင်း စသည့် လုပ်ငန်းများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းမြင့်ထွန်း ၏ ကြီးကြပ်မှုဖြင့် ကျေးရွာဖွံ့ဖြိုးရေးကော်မတီမှ ဦးဆောင်၍ ဆောင်ရွက်ခဲ့ရာ လုပ်ငန်းများအားလုံး အဆင်ပြေချောမွေ့စွာ ပြီးစီးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို သက်ဆိုင်ရာ ကျေးရွာဖွံ့ဖြိုးရေးကော်မတီမှ တာဝန်ယူဆောင်ရွက် ရမည်ဖြစ်ပြီး နည်းပညာပိုင်း ဆိုင်ရာကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာနက အကူအညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပေါက်စ