ရွှေဘိုမြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းဖြင့် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်နေမှုများ ကွင်းဆင်းစစ်ဆေး

 

 

ရွှေဘို  ဇွန် ၂၃

 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သော ဘိုတဲကုန်းကျေးရွာနှင့် လိပ်ချင်းကျေးရွာတို့တွင် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းရန်ပုံငွေ(VDP)ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ယနေ့ နံနက်(၁၀)နာရီက ကွင်းဆင်း စစ်ဆေးခဲ့ ကြောင်း  ရွှေဘိုခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

 

 

ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းကို ယခုနှစ်ဘဏ္ဍာရေးနှစ်တွင် ဘိုတဲကုန်းကျေးရွာ၌ ကျေးရွာ ဖွံ့ဖြိုးရေး စီမံကိန်းရန်ပုံငွေ(VDP) ကျပ်သိန်း(၁၀၀)၊ ပြည်သူ့ထည့်ဝင်ငွေ(၁၀)သိန်းဖြင့်  ကျေးရွာ တွင်း  လမ်းအရှည် ၃၈၁ ပေ၊ အကျယ် ၁၄ပေ၊ ထု ၉လက်မ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုနှင့် လိပ်ချင်းကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းရန်ပုံငွေ(VDP) ကျပ်သိန်း (၁၀၀) ၊ပြည်သူ့ထည့်ဝင်ငွေ(၁၀)သိန်းဖြင့် ကျေးရွာတွင်း လမ်းအရှည်  ၅၀၁ပေ၊ အကျယ် ၁၂ပေ ၊ ထု ၉လက်မ ကွန်းကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်နေမှုတို့ကို ရွှေဘိုခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဦးမြင့်နှင့်တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြည့် ရှုခဲ့ပြီး လမ်းအရည်အသွေး ပြည့်မီပြီး ရှေရှည်‌အသုံးပြုနိုင်ရန်နှင့် သတ်မှတ်အချိန်အတွင်း ပြီးစီးနိုင်ရေးအတွက် လမ်းကော်မတီများဖြင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

 

 

 ထိုဖွံ့ဖြိုးရေးလုပ်ငန်းများကို  ၂၀၂၁-၂၂ ဘဏ္ဍာရေးနှစ်တွင် စီမံကိန်းကျေးရွာ(၁)ရွာလျင် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းရန်ပုံငွေ(VDP) ကျပ်သိန်း(၁၀၀)နှင့် ဒေသခံပြည်သူများ၏ ထည့်ဝင်ငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ပြီး ထို့သို့ ဆောင်ရွက် ရာတွင်  မိမိတို့ကျေးရွာ၏ လမ်း၊ တံတား၊ ရေပေးရေး၊ မီးလင်းရေး၊ အဆောက်အဦးများ စသည့် ပကတိလိုအပ်ချက်များကို ဖော်ထုတ်ပြီး ဦးစားပေး အစီအစဉ်အလိုက် ကျေးရွာဖွံ့ဖြိုးရေး စီမံချက်များကို ဒေသခံပြည်သူများကိုယ်တိုင်ရေးဆွဲ လုပ်ကိုင်စေ၍ မိမိတို့ဌာနမှ နည်းပညာ များကို ပံပိုးဆောင်ရွက်ပေးကာ လုပ်ကိုင်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ရွှေဘိုခရိုင် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှုး ဦးမြင့်က  ပြောကြားသည်။