ကရင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် ဟိုတယ်၊ တည်းခိုရိပ်သာ ခရီးသွားလုပ်ငန်းရှင်များတွေ့ဆုံ

ဘားအံ ဇွန် ၂၃

ကရင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် ဟိုတယ်၊တည်းခိုရိပ်သာ ခရီးသွားလုပ်ငန်းရှင်များ တွေ့ဆုံသည့် အခမ်းအနာကို ဇွန်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီခန့်က ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။

တွေ့ဆုံပွဲတွင် ကရင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးက ကရင်ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ပြည်နယ်အတွင်းရှိ ဟိုတယ်၊တည်းခိုရိပ်သာ ခရီးသွားလုပ်ငန်းရှင်များ ကြုံတွေ့နေရသည့် အခက်အခဲများကို ဆွေးနွေးတိုင်ပင် ကျော်ဖြတ်နိုင်ရန် ယနေ့တွေ့ဆုံပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း၊ ကိုဗစ်ကာလဖြစ်သည့်အတွက် ပြည်တွင်းပြည်ပခရီးသွားဧည့်သည် ဝင်ရောက်မှုနည်းပါးပြီး ဟိုတယ်၊ တည်းခိုရိပ်သာများတွင် လာရောက်တည်းခိုနေထိုင်သူ နည်းပါးသဖြင့် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်များကို ကြားသိရပါကြောင်း၊ ကိုဗစ်ကာလမတိုင်မီက ကရင်ပြည်နယ်အနေဖြင့် ခရီးသွားဝင်ရောက်မှုများပြားပြီး စာရင်းများအရ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်ထိ ပြည်တွင်းခရီးသွားဝင်ရောက်မှု သုံးသန်းငါးသိန်းခြောက်သောင်းကျော်ရှိကာ ပြည်ပခရီးသွား ဝင်ရောက်မှုအနေဖြင့် ကိုသိန်းနှစ်သောင်းငါးထောင်ခုနှစ်ရာကျော်ရှိသည့်အတွက် ပြည်နယ်အတွင်း ဝင်ရောက်လာသည့် ခရီးသွားဧည့်သည်ပေါင်း လေးသန်းလေးသိန်းကိုးသောင်း ငါးထောင်သုံးရာကျော် ဝင်ရောက်ခဲ့ကြောင်း၊ ခရီးသွားဧည့်သည်များမှ ငွေကျပ်ခုနစ်ထောင်လေးရာ ရှစ်ဆယ်ခုနှစ်သန်းနှင့် ဒေါ်လာငွေ ခုနှစ်သိန်းခုနှစ်သောင်းကျော်တို့ကို ရရှိခဲ့ကြောင်း၊ ကိုဗစ်အလွန်ကာလတွင် ခရီးသွားလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့်ဖြင့် ပြန်လည်ဆောင်ရွက်နိုင်ရန် ဟိုတယ်နှင့် တည်းခိုရိပ်သာများကို ပြန်လည်ဖွင့်လှစ်ခွင့် ပေးထားပြီဖြစ်ကြောင်း၊ ယခုအခါ ကိုဗစ်-၁၉ တတိယလှိုင်းအနေဖြင့် ကူးစက်ဖြစ်ပွားမှု ပြန်၍များလာသည့်အတွက် လာရောက်တည်းခိုသူများကို ကိုဗစ်-၁၉ ဆိုင်ရာစည်း မျဉ်းစည်းကမ်းနှင့်အညီ ဝန်ဆောင်မှုပေးရန် တိုက်တွန်းလိုကြောင်း၊ လာရောက်တည်းခိုသူများအား မဖြစ်မနေ ဧည့်စာရင်းတိုင်ကြားပေးဖို့လည်း လမ်းညွှန်ထားပါကြောင်း၊ လာရောက်တည်းခိုသည့် နိုင်ငံခြားခရီးသွားဧည့်သည်များနှင့် ပတ်သက်၍ လမ်းညွှန်ချက်များကို တိတိကျကျလိုက်နာကြဖို့လိုကြောင်းနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို အထူးဂရုပြုဆောင်ရွက်ကြစေလိုကြောင်း ပြောကြား သည်။

ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၂) ရဲမှူးကြီးခင်ဇော်က ဧည့်စာရင်းဆိုင်ရာ ကိစ္စရပ်များကိုလည်ကောင်း၊ ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်က ဥပဒေဆိုင်ရာကိစ္စရပ်များကို လည်ကောင်း၊ အဖွဲ့ဝင်(၃) လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးစိုးလွင်က နိုင်ငံခြားသားခရီးသွားဧည့်သည်များနှင့် စပ်လျဉ်း၍ သိသင့်သိထိုက်သည့် အချက်အလက်ဆိုင်ရာများကိုလည်ကောင်း ဆွေးနွေးတင်ပြခဲ့ကြပြီး ကရင်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားအဖွဲ့ဝင် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ကဏ္ဍအလိုက် အသီးသီးဆွေးနွေး တင်ပြခဲ့ကြသည်။

ယင်းနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာသော ပြည်နယ်အတွင်းရှိ ဟိုတယ်၊ တည်းခိုရိပ်သာ ခရီးသွားလုပ်ငန်းရှင်များက လက်ရှိအခြေအနေ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများနှင့် လိုလားချက်များကို ဆွေးနွေးတင်ပြခဲ့ကြရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ကရင်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးစောမြင့်ဦးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း