မင်းဘူး(စကု)မြို့နယ်တွင် ဖီကြမ်းငှက်ပျောပင်များအား တစ်နိုင်တစ်ပိုင်မှ စီးပွါးဖြစ်စိုက်ပျိုး

 

 

မင်းဘူး    ဇွန်    ၂၃

    

 

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ကျောက်တန်းကျေးရွာမှ တောင်သူများသည် ဖီးကြမ်း ငှက်ပျော စိုက်ပျိုးရာတွင် အမြတ်များများကျန်ပြီး တွက်ခြေကိုက်သဖြင့် တစ်နိုင်တစ်ပိုင်မှ စီးပွါးဖြစ် စိုက်ပျိုးလာကြကြောင်း ကျောက်တန်းကျေးရွာ ငှက်ပျောစိုက် တောင်သူများထံမှ သိရသည်။

      

 

ဖီးကြမ်းငှက်ပျောကို ငှက်ပျောဆို့ (ခေါ်) ငှက်ပျောပင်ပေါက်ကလေးများကို တူး၍ တစ်ပင်နှင့် တစ်ပင် လေးပေခြားကာ စိုက်ပျိုးရပြီး ကိုးလ၊ ဆယ်လ အကြာတွင် ငှက်ပျောဖူးများ ထွက်ရှိ၍ ငှက်ပျောဖူး ထွက်ပြီး သုံးလပြည့်လျှင် ရောင်းတန်းဝင် ငှက်ပျောခိုင်တစ်ခိုင်ကိုရရှိကာ တစ်ဖီးကို ဖျမ်းမျှ ၈၀၀ ကျပ်ဈေး ရှိကြောင်း လည်း သိရသည်။

      

 

ငှက်ပျောပင်များသည် စိုက်ပျိုးပြီး တစ်နှစ်နည်းပါး အချိန်ကြာကြာ စောင့်ရသော်လည်း စိုက်ပျိုးပြီး၍ ရောင်းတန်းဝင် အပင်များ ဖြစ်လာပါက ငှက်ပျောခိုင်၊ အရွက်၊ ပင်စည်ထဲမှ ငှက်ပျောအူများပါရောင်းချရပြီး ငှက်ပျောတစ်ဖီးလျှင် ၈၀၀ ကျပ်၊ ငှက်ပျောလက်တစ်ရွက် ၅၀ ကျပ်၊ ငှက်ပျောအူပါ ပင်စည်တစ်ပင် ၅၀၀ ကျပ်ရောင်းရသည့်အပြင် ငှက်ပျောပင် ပေါက်ကလေးများပါ တစ်ပင်လျှင် ၄၀၀ ကျပ်ဖြင့် ရောင်းချ ရကြောင်း သိရသည်။

     

 

"ကျွန်တော့် ငှက်ပျောခြံက လေးဧကကျယ်ပြီး ငှက်ပျောပင်ပေါင်း ထောင်ချီရှိကာ ငှက်ပျောပင်များ စတင်စိုက်ပျိုးစဉ်က ဖီးကြမ်းငှက်ပျောဆို့ တစ်ဆို့လျှင် ၄၀၀ ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုးရပြီး၊ ကျင်းတူးခ၊ မြေရှင်းခ၊ မြေအောက်ရေတူးခ၊ ရေစက်ဖိုး အားလုံးပေါင်း ငွေကျပ်သိန်း ၃၀ အကုန်အကျခံ၍ စိုက်ပျိုးထားပေမဲ့ တစ်နှစ်သားရှိတဲ့ ဖီးကြမ်းငှက်ပျော တစ်ပင်ဟာ ငှက်ပျောခိုင်၊ ငှက်ပျောရွက်၊ ငှက်ပျောအူ အားလုံးရောင်းချ နေရသည့်အတွက် ငှက်ပျောတစ်ပင်လုံးကို ကျပ် ၁၀၀၀၀ နီးပါးရရှိနေသောကြောင့်  ဖီးကြမ်းငှက်ပျော စိုက်ပျိုးရတာ အဆင်ပြေသည့်အတွက် တစ်နိုင်တစ်ပိုင်မှ စီးပွါးဖြစ်စိုက်ပျိုးသူ များလာရခြင်း ဖြစ်ပါတယ်" ဟု မင်းဘူး(စကု)မြို့နယ် ကျောက်တန်းကျေးရွာမှ ဖီးကြမ်းငှက်ပျော စိုက်ပျိုး သူ ဦးသိန်းထွန်းက ပြောသည်။

 

ဇေယျာထက် (မင်းဘူး)