အင်္ဂပူ ဩဂုတ် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးတွင် ယနေ့နံနက်ပိုင်းက ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း (VRFP)ရန်ပုံငွေများ လွှဲပြောင်းပေးအပ် ပြုလုပ်ခဲ့သည်။
ပေးအပ်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးရဲရင့်လှိုင်က အမှာစကားပြောကြားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းဇော်စိုးက ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP)၏ ရည်ရွယ်ချက်နှင့် ဆောင်ရွက် ရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ ရွေးချယ်ထားသော စီမံကိန်းကျေးရွာ ၃ ရွာဖြစ်သည့် မကျည်းကုန်းကျေးရွာအုပ်စု၊ ပိန်းအင်းကုန် ကျေးရွာအတွက် ရန်ပုံငွေကျပ် ၃၀၀ သိန်း၊ ညောင်ပင်တဲ ကျေးရွာအုပ်စု၊ ညောင်ပင်တဲ ကျေးရွာအတွက် ရန်ပုံငွေကျပ် ၂၀၀ သိန်းနှင့် ဘုရားကွင်းကျေးရွာအုပ်စု၊ ရှမ်းတောရွာအတွက် ရန်ပုံငွေကျပ် ၁၀၀ သိန်း၊ စုစုပေါင်းကျပ် ၆၀၀ သိန်းအား ကျေးရွာ ကော်မတီဝင်များထံသို့ ပေးအပ်ခဲ့သည်။
ကျေးရွာမတည် ရန်ပုံငွေ စီမံကိန်း(VRFP)သည် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်ကို အထောက်အကူပြုစေရန်၊ လုပ်ကွက်ငယ်တောင်သူများ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ကိုင်သူများအတွက် လိုအပ်သော ငွေကြေးအရင်းအနှီး ရရှိစေပြီး ရရှိသည့် ငွေကြေး အရင်းအနှီးဖြင့် မိသားစုဝင်ငွေ တိုးပွားရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်စေရန်၊ တိုးပွားလာသော ရန်ပုံငွေဖြင့် ကျေးရွာမှ ပိုင်ဆိုင်သော မတည်ရန်ပုံငွေနှင့် စဉ်ဆက်မပြတ် ငွေကြေးအရင်းအမြစ် ရရှိနိုင်စေရန်နှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)