ပေါင်းတည် ဇွန် ၂၃
ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်၊ ပေါင်းတည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးနှင့် ပြည်ခရိုင်အတွင်းရှိ အခြားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ တို့သည် ယမန်နေ့ နံနက် ၁၀ နာရီက ပေါင်းတည်မြို့၊ ပျဉ်ပုံအုပ်စု၊ နတ်မှော်ရွာရှိ တိုင်းရင်းကြက်မွေးမြူရေးနှင့် ကြက်သားဖောက်ဖြန့်ချီရေးလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်မှ ကြက်မွေးမြူရေးလုပ်ငန်းနှင့် ပက်သက်သည့် အချက်အလက်များအား မေးမြန်းရာ တိုင်းရင်းကြက်မွေးမြူရေးနှင့် ကြက်သားဖောက် ဖြန့်ချီရေးလုပ်ငန်းလုပ်ကိုင်သူ ဦးညွန့်ဝင်းမှ လုပ်ငန်းသမိုင်းကြောင်း၊ (Artificial Insemination)နည်းပညာဖြင့် တိုင်းရင်းကြက် မျိုးစိတ်များ မျိုးစပ်ခြင်းကို စပ်းသပ်ပြုလုပ်ခဲ့ရာ အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ကြောင်း၊ တိုင်းရင်းကြက်များကို မွေးမြူသင့်သော အားသာချက်များအကြောင်းနှင့် မျိုးကြက်မများအတွက် အသက်အလိုက် ရောဂါကွယ်ဆေး ထိုးပေးရကြောင်း ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် တက်ရောက်လာသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တောင်သူများမှ သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့သည်။
ယင်းနောက် ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့သည် တိုင်းရင်းကြက်များ မွေးမြူထားသော ကြက်ခြံများနှင့်ကြက်သားဖောက်ခြင်း ဆောင်ရွက်ထားရှိမှုတို့အား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ချစ်နှင်းသုန်