နတ်မောက် ဇွန် ၂၃
မကွေးတိုင်းဒေသကြီး ၊ နတ်မောက်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ နတ်မောက်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ဒေသခံပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်ခွင့် ရရှိစေရန်အတွက် ယမန်နေ့ နံနက် (၉)နာရီအချိန်ခန့်က နတ်မောက်မြို့နယ် ရေငံကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာများသို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးခဲ့ သည်။
ထိုသို့ ကွင်းဆင်း ဆောင်ရွက်ပေးရာတွင် နတ်မောက်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ မြို့နယ်ရုံးဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ကွင်းဆင်း ဆောင်ရွက် ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် နိုင်ငံသား စိစစ်ရေးကတ် ပြုလုပ်ရာတွင် ပါရှိရမည့် အထောက်အထားများ ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား၏ အသုံးဝင်မှု နှင့် ပျောက်ဆုံး/ ပျက်စီး မှုမရှိစေရေး စနစ်တကျ ကိုင်တွယ်အသုံးပြုရမည့် နည်းစနစ်များကို အသိပညာပေး ရှင်းလင်း ဆွေးနွေး ဟောပြောခဲ့သည်။
အဆိုပါကျေးရွာအုပ်စုအတွင်းရှိ အသက် (၁၀) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် ကျား (၄၇) ဦး၊ မ (၆၀)ဦး၊အသက် (၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် ကျား (၁၀)ဦး၊ မ (၁၁)ဦး၊ စုစုပေါင်း (၁၂၈)ဦး တို့အားအထောက်အထားများစိစစ်၍ နိုင်ငံသားစိစစ်ရေးကတ်ပြားအခမဲ့ ပြုလုပ် ဆောင်ရွက်ပေးခဲ့သည်။ ယခုကဲ့သို့ ပန်းခင်းစီမံချက်ဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာ များမှ ဒေသခံပြည်သူများအား နိုင်ငံသား စိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက် ပေးခြင်းကို ၂၀၂၁ခုနှစ် ၊မေလ(၃)ရက်နေ့မှစတင်ကာ ၂၀၂၁ခုနှစ်၊နိုဝင်ဘာလ (၃)ရက်နေ့အထိ ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေး နေပြီဖြစ်ကြောင်း နတ်မောက်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာမြို့နယ်ဦးစီးမှူး ဦးဝင်းသိန်း ထံမှသိရသည်။
သင်းသင်းမြတ်