ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ ကြီးမှူးကျင်းပသော ငြိမ်းချမ်းရေးဖလား ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ  ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ဘားအံ ဇွန် ၂၃

ကရင်ပြည်နယ်အတွင်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကို ဆက်လက်ထိန်းသိမ်း၍ ထာဝရ ငြိမ်းချမ်းရေး ရရှိသည်အထိ အတူတကွ ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးပွားလာစေရန်နှင့် အပြန်အလှန် ယုံကြည်မှု၊ နားလည်မှု၊ စာနာမှုများ တိုးပွားလာစေရန် ရည်ရွယ်၍ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ကြီးမှူးကျင်းပသော ငြိမ်းချမ်းရေးဖလားချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ဇွန်လ ၂၁ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့ အောင်သံလွင်အားကစားကွင်း၌ ကျင်းပခဲ့သည်။

အဆိုပါဘောလုံးပြိုင်ပွဲကို ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဘောလုံးအသင်း၊ ကရင်အမျိုးသား အစည်းအရုံး (KNU) ဘောလုံးအသင်း၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)ဘောလုံးအသင်း၊ ကရင်ပြည်နယ်နယ်ခြားစောင့်တပ်(BGF)ဘောလုံးအသင်းနှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA- PC) ဘောလုံးအသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အုပ်စုပတ်လည်အမှတ်ပေးစနစ်ဖြင့် ပွဲစဉ်ပေါင်း ၁၀ ပွဲ ယှဉ်ပြိုင်ကစားခဲ့ကြရာ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် နယ်ခြားစောင့်တပ်(BGF)ဘောလုံးအသင်းနှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ နယ်ခြားစောင့်တပ်(BGF) ဘောလုံးအသင်းက တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးက အမှတ်အများဆုံးရရှိသော  ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)ဘောလုံးအသင်းအား ငြိမ်းချမ်းရေးတံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်ခဲ့ပြီး ကရင်ပြည်နယ် တရားသူကြီးချုပ်ဦးသိန်းကိုကို၊ ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး မျိုးမင်းနောင်၊ ကရင်အမျိုးသားအစည်းအရုံး KNU မှ ပဒိုစောရွှေမောင်း၊ ပဒိုစောသမိန်ထော၊ ပဒိုစောအောင်မော်အေး၊ ဒီမိုကရေစီအကျိုးပြုကရင် တပ်မတော် DKBA မှ ပဒိုစောခီးဒို၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ KNU/ KNLA- PC မှ စောပဖလိုမှူးနှင့် စောကျော်ကျော်တို့က ပထမ၊ ဒုတိယနှင့် နှစ်သိမ့်ဆုရရှိသော ဘောလုံးအသင်း များအား ငွေသားဆုနှင့် ဆုဖလားများ ပေးအပ် ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် ငြိမ်းချမ်းရေးဖလား ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲအထိမ်းအမှတ် ငြိမ်းချမ်းရေး ညစာစားပွဲကို ဘားအံမြို့၊ ဇွဲကပင်တောင်ခြေရှိ ဇွဲကပင်သဘာဝအပန်းဖြေဥယျာဉ်၌ ဆက်လက် ကျင်းပရာ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဦးစောမြင့်ဦးက ကရင်ပြည်နယ်အတွက် ငြိမ်းချမ်းရေးသည် အရေးကြီးဆုံးနှင့်ဦးစားပေးဆောင်ရွက်ရမည့် ကိစ္စရပ်တစ်ခုဖြစ်ပါကြောင်း၊ ငြိမ်းချမ်းခြင်းအားဖြင့် ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်စည်ပင်မှုနှင့် သာယာဝပြောမှုကို တစ်ဖက်တစ်လှမ်းမှ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ချစ်ချစ်ခင်ခင် ညီညီညွှတ်ညွှတ်ဖြင့် ဥမကွဲသိုက် မပျက် ရှေ့ဆက်လက်တွဲသွားကြဖို့လိုကြောင်း၊ ကရင်ပြည်နယ်သူ/ကရင်ပြည်နယ်သားများ၏ အကျိုးစီးပွားကို ဆထက်ထမ်းပိုး တိုးတက်ပွားများအောင် ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော် ပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက် KNU၊ DKBA၊ BGF၊ KNU/ KNLA- PC အဖွဲ့များမှ တာဝန်ရှိသူများက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပြီး ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ကရင်ပြည်နယ်အတွင်းရှိ ငြိမ်းချမ်းရေးအဖွဲ့အသီးသီးမှ တာဝန်ရှိသူများက အပြန်အလှန်အမှတ်တရလက်ဆောင်များ လဲလှယ်ခဲ့ကြကာ ဖျော်ဖြေရေးအဖွဲ့များက ကရင်ရိုးရာယဉ်ကျေးမှု ဒုံးအကများဖြင့် ဧည့်ခံဖျော်ဖြေ၍ ငြိမ်းချမ်းရေး ညစာစားပွဲကို အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)