ပုလဲမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ ၁၀၅၅ ဦး တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့သောကြောင့် အောင်ချက်ရာခိုင်နှုန်း ၃၀.၆၆ ရာခိုင်နှုန်းရရှိ

ပုလဲ သြဂုတ် ၁၀

မြန်မာတစ်နိုင်ငံလုံးတွင် ယမန်နေ့ ၂၀၂၀ပြည့်နှစ်၊ မတ်လတွင် ကျင်းပပြုလုပ်ခဲ့သော  တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းများကို ပညာရေးဝန်ကြီးဌာန Website များမှတဆင့်  ထုတ်ပြန်ကြေညာခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို သက်ဆိုင်ရာ  စာစစ်ဌာနများ၌ ကပ်ထားကြေညာထားရာ  စစ်ကိုင်းတိုင်းဒေသကြီး၊  ယင်းမာပင်ခရိုင်၊  ပုလဲမြို့နယ်အနေဖြင့်  တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခဲ့သော ကျောင်းသား၊ကျောင်းသူ၃၄၄၁ဦးရှိသည့်အနက် ကျောင်းသား၊ကျောင်းသူ၁၀၅၅ဦး တက္ကသိုလ်ဝင် စာမေးပွဲ  အောင်မြင်ခဲ့သောကြောင့်  အောင်ချက်ရာခိုင်နှုန်း ၃၀.၆၆ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ပုလဲမြို့နယ်ပညာရေးမှူးရုံးမှ  လက်ထောက်မြို့နယ်ပညာရေးမှူး  ဦးတင်ငွေက “ ၂၀၂၀ပြည့်နှစ်၊  မတ်လမှာ ကျင်းပခဲ့တဲ့   တက္ကသိုလ်ဝင် စာမေးပွဲသို့   ဖြေဆိုတဲ့  ကျောင်းသား ၁၄၈၈ဦး၊ ကျောင်းသူ ၁၉၅၃ဦး  စုစုပေါင်း ၃၄၄၁ဦး ရှိတဲ့အနက် စာမေးပွဲအောင်မြင်သူ ကျောင်းသား ၄၄၁ဦး၊  ကျောင်းသူ  ၆၁၄ဦး၊  စုစုပေါင်း ၁၀၅၅ဦးရှိပါတယ်။    အောင်ချက် ရာခိုင်နှုန်းကတော့ ၃၀.၆၆ ရာခိုင်နှုန်း ရှိပါတယ်။ တစ်ဘာသာ ဂုဏ်ထူးရှင် ၁၅၀ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၃၂ဦး၊သုံးဘာသာဂုဏ်ထူးရှင် ၁၀ဦး၊လေးဘာသာဂုဏ်ထူးရှင် ၅ဦး၊ငါးဘာသာဂုဏ်ထူးရှင် ၁ ဦး ပေါ်ထွက်ခဲ့ပါတယ်။ တက္ကသိုလ်ဝင်စာမေးပွဲ   အောင်စာရင်းများကို   သက်ဆိုင်ရာ  စာစစ်ဌာနများ၌ သြဂုတ်  ၁၀ ရက်မှာ ကပ်ထားကြေညာနိုင်ရေးအတွက် ကျောင်းအုပ်ကြီးများကို  ညွှန်ကြားထားပါတယ်  ” ဟု ပြောပြသည်။

ပုလဲမြို့နယ်အနေဖြင့်  ၂၀၁၉ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲတွင်  အောင်ချက်ရာခိုင်နှုန်း ၃၁.၆၃  ရာခိုင်နှုန်းရှိပြီး ၂၀၂၀ပြည့်နှစ်၊  တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်ရာခိုင်နှုန်း  ၃၀.၆၆ ရာခိုင်နှုန်းရှိကြောင်း  မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြင့်သိန်းစိုး(ပြန်/ဆက်)