ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံး ပြိုင်ပွဲဖွင့်ပွဲကျင်းပ

ပဲခူး ဇွန် ၂၃

ပဲခူးမြို့၊ ဟင်္သာလမ်းရှိ ဟံသာဝတီယူနိုက်တက် ဘောလုံးအားကစားကွင်းတွင် ယမန်နေ့ ညနေ ၃ နာရီခွဲက ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား (၄)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ သည်။

အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် (၁) ဗိုလ်မှူးကြီး လှမျိုးရွှေ၊ ပဲခူးတိုင်း ဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးအောင်နှင့် တိုင်း၊ ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ ပြိုင်ပွဲကျင်းပ ရေး ကော်မတီဝင်များ၊ ပါဝင်ယှဉ်ပြိုင် ကစားကြမည့် ဘောလုံး အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစား သမားများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် (၁) ဗိုလ်မှူးကြီး လှမျိုးရွှေက ယနေ့ ကျင်းပ ပြုလုပ်သည့် (၄)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲသည် သာမာန် အားကစားပြိုင်ပွဲ တစ်ရပ်မဟုတ်ဘဲ တိုင်းဒေသကြီး ကိုယ်စားပြု မှတစ်ဆင့် နိုင်ငံ့လက်ရွေးစင်များ ပေါ်ထွက်စေရေး ပြိုင်ပွဲ တစ်ရပ်အဖြစ်မှတ်ယူပြီး ပြိုင်ပွဲဝင်အား ကစားသမားများအားလုံး အားကစားစိတ်ဓာတ် အပြည့်အဝဖြင့် သန့်သန့်ရှင်းရှင်း ယှဉ်ပြိုင်ကစားသွားကြရန်၊ ပြိုင်ပွဲကျင်းပရေး ကော်မတီနှင့် ဒိုင်လူကြီးများ အနေဖြင့်လည်း ဘက်လိုက်မှုကင်းရှင်းပြီး တရားမျှတ မှန်ကန်စွာ ဆုံးဖြတ်သွားကြရန်လိုကြောင်း အဖွင့်အမှာစကားပြောကြား ပြီး ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား (၄)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် (၁) ဗိုလ်မှူးကြီး လှမျိုးရွှေက ပြိုင်ပွဲဝင် ဘောလုံးအသင်းများအား အားကစားပစ္စည်းများ ပေးအပ်ခဲ့ပြီး အားကစားသမားများက အားကစားသစ္စာ အဓိဋ္ဌာန် (၄)ချက် ရွတ်ဆိုကာ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာသွာကြပြီး သာယာဝတီခရိုင်အသင်းနှင့် ပြည်ခရိုင်အသင်းတို့မှ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးခဲ့သည်။

၂၀၂၁ ခုနှစ် ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဖလား (၄)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံး ပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပဲခူး၊ တောင်ငူ၊ ပြည်၊ သာယာဝတီစသည့် ခရိုင်(၄)ခရိုင်မှ ခရိုင်ကိုယ်စားပြု ဘောလုံး အသင်း (၄)သင်း ပါဝင်ပြီး ဇွန်လ (၂၂)ရက်နေ့မှ (၂၈)ရက်နေ့အထိ ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဝဏ္ဏမောင်