ငပုတော၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေရှင်းလင်း အသိပညာပေး သင်တန်းဖွင့်လှစ်

ငပုတော ဇွန် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာနက ပြုလုပ်သော ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေရှင်းလင်း အသိပညာပေး သင်တန်းကို ယနေ့နံနက် ၁၁ နာရီခွဲတွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်း၌ ပြုလုပ်ခဲ့ရာ ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးများ အပါအဝင် သင်တန်းသား ၄၀ ဦး တက်ရောက် ခဲ့ကြကြောင်း သိရသည်။

သင်တန်းတွင် မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူ က "ကလေးသူငယ် အခွင့်အရေးများနှင့် နစ်နာဆုံးရှုံးမှုများ နိုင်ငံတကာနှင့် နေရာအနှံ့အပြားတွင် ဖြစ်ပေါ်နေကြောင်း၊ ကလေးသူငယ်များအား ဥပဒေများနှင့်အညီ ဝိုင်းဝန်းကာကွယ် စောင့်ရှောက်ကြစေ လိုကြောင်း၊ အရွယ်ရောက်ပြီးသူများ အနေဖြင့်လည်း ကလေးသူငယ်များအား ဝိုင်းဝန်းကာကွယ် ကူညီစောင့်ရှောက်ရန် လိုကြောင်း" အမှာစကား ပြောကြားသည်။

ဆက်လက်၍ မြို့နယ်ဥပဒေအရာရှိမှ ကလေးသူငယ်ဥပဒေများအား ရှင်းလင်းပို့ချခဲ့ပြီး၊ မြို့နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အတွင်းရေးမှူး၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်လှလှဝင်းက ကလေးသူငယ်များ၏ အခွင့်အရေး ၄ ရပ်အား ဆက်လက်ပို့ချခဲ့သည်။

အဆိုပါ ကလေးသူငယ် အခွင့်အရေးများ ဥပဒေကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်က အသစ်ပြန်လည်ပြဌာန်းခဲ့ပြီး အခန်း ၃၀ နှင့် ပုဒ်မ ၁၂၁ ခုရှိကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)