ရွှေတောင် ဇွန် ၂၂
ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်တွင် လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါပန်းခင်းစီမံချက် ဆောင်ရွက်ရာတွင် လက်ရှိဇာတိ၌ အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေ စာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများ အတွက် မူလဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်းရှိသော်လည်း လက်ရှိဒေသတွင် ကိုင်ဆောင် လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း ၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင် လက်မှတ်မရှိ၊ လက်ရှိဒေသတွင်လည်း အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း နည်းလမ်းများဖြင့် အသက်(၁၆နှစ် မှ ၁၈နှစ်ထိ)နှင့် (၁၈နှစ် မှ အထက်)ရှိသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ယနေ့နံနက်ပိုင်းတွင် ကသစ်တိုင်းအုပ်စုရှိ လူဦးရေ(၆၇)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခဲ့ပြီး အပတ်စဉ်အလိုက် ကျေးရွာအုပ်စုများသို့ ကွင်းဆင်းဆောင်ရွက် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပန်းခင်းစီမံချက်အား ပုံမှန်ဆောင်ရွက်ပေးလျက်ရှိရာ လူဦးရေ(၄၈၆)ဦး ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။
ကိုကိုမင်း