ကန်ကြီးထောင့်မြို့နယ်တွင် ကျေးလက်သန့်ရှင်းသော သောက်သုံးရေရရှိရေးလုပ်ငန်းများ လွှဲပြောင်းအပ်နှံခြင်း အခမ်းအနားကျင်းပ

ကန်ကြီးထောင့် ဇွန် ၂၂
 
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဏာနှစ်တွင်ဆောက်ရွက် သော ကျေးလက်ဒေသများတွင် သန့်ရှင်းသောသောက်သုံးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီး၍ လုပ်ငန်းလွှဲပြောင်းအပ်နှံခြင်းအခမ်းအနားကို ယနေ့နံနက်၁၀နာရီအချိန်တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
 
ရှေးဦးစွာ ကန်ကြီးထောင့်မြို့နယ် စီမံအုပ်ချုပ်မှုအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်က အဖွင့်အမှာ စကား ပြောကြားခဲ့ပြီး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးကျော်စိုးနိုင်က လုပ်ငန်း ဆောင်ရွက် ရခြင်း ရည်ရွယ်ချက်များ၊ ပြည်သူများရရှိမည့်အကျိုးများ၊ ရေရှည်တည်တံ့ရေးဝိုင်းဝန်းထိန်းသိမ်း ရမည့်လုပ်ငန်းစဉ်များအကျယ်တ၀င့်ရှင်းလင်းဆွေးနွေးသည်။
 
ဆက်လက်၍ မြို့နယ်တာ၀န်ခံအင်ဂျင်နီယာမှ လုပ်ငန်းဆောင်ရွက်ခဲ့မှုအဆင့်ဆင့် ကို ရှင်းလင်းခဲ့ပြီး တက်ရောက်လာကြသူများမှသိရှိလိုသည်များကို မေးမြန်းခဲ့ရာ တာ၀န်ရှိများကပြန်လည်ရှင်းလင်းခဲ့သည်။
 
ထို့နောက် ကျေးရွာကော်မတီဝင်များသို့ လုပ်ငန်းများလွှဲပြောင်းအပ်နှံခဲ့ကြသည်။ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဏာနှစ်တွင် မြို့နယ်အတွင်း တွင်းနက် ၅ တွင်း၊ မြေသားရေကန် ၁ ကန်နှင့်မွမ်းမံလုပ်ငန်း ၄ ခု စုစုပေါင်းလုပ်ငန်း ၁၀ မျိုးအား ခွင့်ပြုငွေ ကျပ် (၁၈.၃၃) သန်းဖြင့်ဆောင်ရွက်ခဲ့ရာ အိမ်ထောင်စု ၈၄၃ စုမှ လူဦးရေ ၃၆၉၈ ဦး အကျိုးပြုမည့် လုပ်ငန်းဖြစ်ကြောင်း သိရသည်။
 
ဇင်မာ