မြဝတီ ဇွန် ၂၂
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်အတွင်းရှိ တောင်သူများ ဆင်းသုခ စပါးမျိုးအား SRI (ပျိုးသက်နု ကောက်ကွက်ကြဲ စံပြကွက်) စိုက်ပျိုးရန်အတွက် စိုက်ပျိုး ဧက ၅ ဧကစာ ပျိုးပန်းဖြင့် ပျိုးထောင်ထားလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဆင်းသုခ စပါးမျိုးအား စိုက်ပျိုးနည်း စနစ်များ၏ အားသာချက်၊ အားနည်းချက်သိရှိ နိုင်စေရန်အတွက် စိုက်နည်းစနစ် လေးမျိုးဖြင့် စမ်းသပ်ကွက်လေးကွက် စိုက်ပျိုးသွားမည် ဖြစ်သည်။
အဆိုပါ စိုက်ပျိုးရေး တောင်သူများ သိပ္ပံနည်းကျစိုက်ပျိုးနည်းများဖြင့် စနစ်တကျစိုက် ပျိုးနိုင်ရေးအတွက် အပင်ငယ်စဉ် စိုက်ခင်းအတွင်း ပေါင်းမြတ်ရှင်းခြင်း၊ ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများကို အချိုးကျ အသုံးပြုတတ်စေရန်၊ စိုက်ပျိုးထားသော သီးနှံများအား ပိုးမွှားမကျရအောင် စိုက်ပျိုးရေးကွင်းဝန်ထမ်းများမှ ကြိုတင်ကွင်းဆင်း၍ လိုအပ်သည့် နည်းပညာများ ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိန်လင်းအောင်