တောင်တွင်းကြီးမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ လိုက်လံဝေငှ

တောင်တွင်းကြီး   ဇွန်   ၂၂

 

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေး ဦးစီးဌာနမှ ယနေ့နံနက် ၁၀ နာရီ အချိန်က မြို့နယ်ဦးစီးမှူး နှင့် ဝန်ထမ်းများသည်  စာသင်ကျောင်းများနှင့် လူစည်ကားရာနေရာများတွင် ၂၀၂၁ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို အများပြည်သူ သိရှိစေရန် လိုက်လံဝေငှလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ဝေငှရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော ၂၀၂၁ ခုနှစ် သတင်းစကား လက်ကမ်းစာစောင်ထဲတွင်၂၀၂၁ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ထံမှ ပေးပို့သည့် သဝဏ်လွှာကောက်နုတ်ချက်၊ မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းရင်း များ၊ မူးယစ်ဆေးအန္တရာယ် ရှောင်ကြဉ်ဖွယ်၊ မူးယစ်ဆေးစွဲသူဖေးမကူ ခေါင်းစဉ်စာသားများအောက်မှ လူငယ်များ အနေဖြင့် မူးယစ်ဆေးဝါးများနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများကို စမ်းသပ်သုံးစွဲခြင်း၊ စွဲလမ်းစွာ သုံးစွဲခြင်းများ မပြုကြရန်နှင့် ဆေးစွဲဝေဒနာ ခံစားရပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်းများသို့ ဆောလျင်စွာ ပြသ၍ ဆေးကုသမှု ခံယူကြရန် လိုအပ်ချက်များ ပါဝင်သည်။

ထို့အပြင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့မှ ထုတ်ဝေသော ဆေးသုံးစွဲသူများ၏ဘဝကို ပြန်လည်ထူထောင်ပေးရေးစီမံချက်များ ချမှတ်ပြီး စည်းရုံးလှုံ့ဆော်ခြင်း၊ နှစ်သိမ့်ဆွေးနွေး၍ ပညာပေးခြင်း၊ ကောင်းမွန်သော လူနေမှုဘဝကို ရောက်ရှိစေရန် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးခြင်း၊ သင့်လျော်သော ကူညီထောက်ပံ့မှုပေးခြင်း၊ အသက်မွေးဝမ်းကျောင်း ပညာရပ် ဆိုင်ရာများ သင်ကြားပေးခြင်းတို့နှင့် မူးယစ်အန္တရာယ်လူ့ရန်စွယ် ကာကွယ်တိုက်ဖျက် လက်ချင်းယှက် ဆောင်ပုဒ်နှင့် အနာဂတ်ပန်းများ ပွင့်လန်းဖို့ မူးယစ်အန္တရာယ် ကာကွယ်စို့ဟူသော အသိပညာရစေသော စာသားများပါရှိကြောင်း သိရသည်။

ထို့နောက်  ကျောင်းသား၊ ကျောင်းသူကလေးများအား လူသားမျိုးနွယ်စုအား လူညွှန့်တုံးစေသည့် မူးယစ်ဆေးဝါးများနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအား မသုံးစွဲကြရန်၊ စာကိုတစိုက်မတ်မတ် သင်ယူကြပြီး အနာဂတ်၏ သားကောင်း၊ သမီးကောင်းရတနာ ကလေးများဖြစ်အောင် ကြိုးစားကြရန် ဆုံးမစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော သတင်းစကား လက်ကမ်းစာစောင်များကို ဝေငှပေးခဲ့ကြောင်း သိရသည်။

 

နိုင်ဝင်း