ဘားအံ ဇွန် ၂၂
ကရင်ပြည်နယ်၊ ဘားအံမြို့ အမှတ်(၅)ရပ်ကွက် တောင်တန်းသာသနာပြုကျောင်းတွင် အစိုးရနိကာယ်(ဝိဒူတန်း) စာမေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီအချိန်၌ စတင်ကျင်းပခဲ့ကြောင်း သိရသည်။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ဘားအံမြို့နယ်၏ ၂၀၂၁ ခုနှစ် အစိုးရနိကာယ်(ဝိဒူတန်း)စာမေးပွဲကို ဗုဒ္ဓသာသနာ ထွန်းကား ပြန့်ပွားစေရေးအတွက် ရည်ရွယ်ပြီး ကျင်းပပြုလုပ်ခဲ့ရာ စာမေးပွဲပထမနေ့တွင် စာဖြေသံဃာတော် (၃၀)ပါးနှင့် သီလရှင်(၁)ပါး စုစုပေါင်း (၃၁)ပါးတို့က ပါရာဇိကပါဠိ၊ သီလက္ခန္ဓဝဂ္ဂပါဠိ၊ မူလပဏ္ဏသပါဠိ၊ သဂါထာဝဂ္ဂ၊ နိဒါနဝဂ္ဂသံယုတ္တပါဠိအုပ်စု၊ ဧကကမှ စတုက္ကနိပါတထိ၊ ခုဒ္ဒကပါဌမှ သုတ္တနိပါတထိ၊ မဟာနိဒ္ဒေသပါဠိ၊ ဓမ္မသဂ်ဏီပါဠိ၊ ဓာတုကထာ၊ ပုဂ္ဂလပညတ္တိပါဠိဘာသာတို့ကို အသီးသီး ဖြေဆိုခဲ့ကြပြီး စာဖြေဌာန ကြီးကြပ်ရေးဆရာတော်များနှင့် တာဝန်ရှိဆရာတော် သံဃာတော်ကြီး များက ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေး စည်းကမ်းချက်များနှင့်အညီ ကြီးကြပ် ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အစိုးရနိကာယ်(ဝိဒူတန်း)စာမေးပွဲကို ဇွန်လ(၂၁)ရက်နေ့မှ (၂၅) ရက်နေ့ထိ(၅)ရက်တိုင် နေ့စဉ်မွန်းလွဲ(၁)နာရီမှ ညနေ(၅)နာရီအချိန်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)